October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Peya

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မသင်္ကာသူတစ်ဦးကို စစ်ဆေးရာမှ ကွင်းဆက်တရားခံများနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများကို လေးနာရီအတွင်း ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) နှင့် ဒေသခံများကို မေးမြန်းထားချက်အရ သိရသည်။

အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထွန်းထွန်းဦး(ခ)ငကြောင်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄ ဒသမ ၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်း ၅ နာရီ ၁၅ မိနစ်အချိန်တွင် မင်းသူအား ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၃ တောင့်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် -၂၂ လက်လုပ်သေနတ် ၁ လက်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းမိခဲ့သည်။

ထို့အပြင် ညပိုင်း ၆ နာရီ ၁၀ မိနစ် အချိန်တွင် အောင်အောင်(ခ)ကမ္ဘာကျော်အား ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂ ဒသမ ၂ သိန်း)၊ ခြံဝင်းအတွင်း ရပ်တန့်ထားသည့် Hijet အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ထွန်းထွန်းဦး(ခ)ငကြောင်(၃၆)နှစ်၊ မင်းသူ(၃၃)နှစ်နှင့် အောင်အောင်(ခ)ကမ္ဘာကျော်(၂၆)နှစ်တို့အား ကျိုက်မရောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *