October 19, 2024

၂၅.၁၀.၂၀၂၃
Written by Peya

မြန်မာပြည်ဘက်မှ နေ၍ အိန္ဒိယဘက်သို့ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး တရားမဝင် ဝင်ရောက်သည့် ချင်းကူကီး လွတ်မြောက်ရေးတပ်မတော်မှ အဖွဲ့ဝင် ၂ ဦးကို အိန္ဒိယရဲများ ဖမ်းဆီးခဲ့ကြောင်း ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် နေထိုင်သည့် သတင်းရင်းမြစ်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပြီး Churachandpur ခရိုင်အတွင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဖမ်းမိသူ ၂ ဦးမှာ ချင်းကူကီး လွတ်မြောက်ရေး တပ်မတော် (CKLA) က ဖြစ်သည်ဟု အတည်ပြုထားကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“ဖြစ်စဉ်ဖြစ်တာက မှန်ပါတယ်။ ကျွန်တော်လည်း ဟိုဘက်ခြမ်းကို လှမ်းမေးကြည့်ထားတယ်။ မဏိပူရကို နယ်စပ်မျဉ်းကနေ ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရာထူးအဆင့်တွေ ဘာတွေကို မသိရဘူး။ AK 47 အမျိုးအစား သေနတ်အပါအဝင် တခြား ရိုင်ဖယ်တွေနဲ့ လက်နက်ခဲယမ်းတွေကို မိသွားတယ်လို့ ပြောတယ်။ အခု စစ်ပြီးတော့ နောက်ထပ် ဘယ်လို လမ်းကြောင်းကနေ ဝင်တယ် ဆိုတာကို စစ်ဆေးနေတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

MT News သတင်းဌာနက အခြား ချင်းပြည်နယ်မှ သတင်းရင်းမြစ်တစ်ဦးကို ထပ်မံ ဆက်သွယ်မေးမြန်းရာတွင် ၎င်း သိရှိထားသည့် အချက်အလက်များအရ ဖမ်းမိသူ ၂ ဦးကို Sangaikot ရဲစခန်းသို့ ပို့ထားကြောင်း ဆိုသည်။

“အိန္ဒိယ စစ်တပ် ပူးပေါင်းအဖွဲ့က ဖမ်းသွားတာလို့ ပြောတယ်။ အဲ့ဒီအဖွဲ့က မြန်မာဘက်မှာလည်း စခန်းရှိနေတာ။ မြန်မာဘက်ကနေ ပြန်ဝင်တာလို့ ဆိုတယ်။ ကျွန်တော်လည်း မေးနေတုန်းပဲ။ ဒီဘက် နယ်စပ်မှာက အဖမ်းအဆီး အစစ်အဆေးက တင်းကြပ်ထားတာ” ဟု ၎င်းက ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *