October 19, 2024

၂၅. ၁၀. ၂၀၂၃

Written by Thettant

မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ရှိ အ.ထ.က (၉) ကျောင်းမှာ ယနေ့နံနက်က မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ဦးသာညှင်းဓမ္မာရုံနှင့် ကွန်ပျူတာကျောင်းဆောင် ယနေ့နံနက် ၃ နာရီခွဲခန့်တွင် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံပြည်သူများထံမှ ကနဦးသတင်းအရ သိရသည်။

မော်လမြိုင်မြို့ရှိ အ.ထ.က (၉) ကျောင်းမှာ ယခင်က ရှင်မဟာဗုဒ္ဓဃောသအမျိုးသားကျောင်းဖြစ်ပြီး ၁၈၉၉ ခုနှစ် ဧပြီ ၂၃ ရက်တွင် အင်္ဂလိပ်လက်အောက် ကျရောက်စဥ် အမျိုးသားရေးစိတ်ဓာတ်ပြင်းပြသူ သာသနာ့ဓရအသင်းမှ တည်ထောင်ခဲ့သော သက်တမ်း ၁၂၄ နှစ်ရှိ ရှေးဟောင်းသမိုင်းဝင်ကျောင်းဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းကျောင်းစဥ် နံပါတ် – ၁ နေရာရှိသော ကျောင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ လက်ရှိလောင်ကျွမ်းသွားသော ဦးသာညှင်းဓမ္မာရုံမှာလည်း ၁၂၇၅ ခုနှစ်က တည်ဆောက်ခဲ့၍ သက်တမ်း နှစ် ၁၁၀ ရှိနေပြီဖြစ်သည့် ဓမ္မာရုံအဆောင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ဩဂုတ် ၃ ရက်က အ.ထ.က(၉) ကျောင်း မီးလောင်ခဲ့မှုတွင် ရုံးခန်း၊ အလယ်ဆောင်နှင့် သုံးထပ်ဆောင်မီးလောင်ခဲ့ပြီး ဦးသာညှင်းဓမ္မာရုံလောင်ကျွမ်းမှုမရှိခဲ့သော်လည်း ယခုဒုတိယအကြိမ်မီးလောင်မှုတွင်မူ လောင်ကျွမ်းဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 395627242_627553412884063_3836691282909584602_n.jpg

“ပြီးခဲ့တဲ့ နှစ်လကျော်က ဒီကျောင်းမှာပဲ မီးလောင်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း အဆောင်သုံးဆောင် မီးလောင်သွားတာ။ အခုလောင်တာကလည်း ဦးသာညှင်းဓမ္မာရုံအဆောင်နဲ့ အရင်က သိပ္ပံဆောင်၊ အခု ကွန်ပြုတာအဆောင် အဆောင် ၂ ဆောင် မီးလောင်မှုဖြစ်ပွားပြီး အကုန်ပါသွားတာပါ။ ဘေးဆောင်တွေ၊ တခြားနေအိမ်တွေ မီးကူးစက်မှု မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါမီးလောင်မှုဖြစ်စဥ်ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက အချိန် ၂ နာရီကျော် ၃ နာရီခန့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရပြီး လက်ရှိအချိန်တွင် လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် မီးလောင်မှုဖြစ်စဥ်ကို စိစစ်နေဆဲသာဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဒေါက်တာမင်းဖြိုး

Leave a Reply

Your email address will not be published. Required fields are marked *