◾ ရန်ကုန်တွင် ယမန်နေ့က ရွာသွန်းခဲ့သည့် မိုးပုံစံမျိုး ယခု လကုန်ပိုင်းအထိ လုံးဝ ရွာသွန်းတော့မည်မဟုတ်ဟု ဆို
၂၅. ၁၀. ၂၀၂၃
Written by Peya
လေထု မငြိမ်သက်မှုကြောင့် လာမည့် နိုဝင်ဘာလအထိ မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။
ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းကြောင့် ရန်ကုန်မြို့ရှိ တာမွေမြို့နယ်အပါအဝင် အချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရွှေတိဂုံစေတီအပါအဝင် နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ အဆိုပါ အားအလွန်းကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ် အနေဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်ဒေသများတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
“မိုးကြိုးပစ်နိုင်တာက ဖြစ်နိုင်တယ်။ နိုဝင်ဘာလလောက်အထိကိုကို ဖြစ်နိုင်သေးတယ်။ လေထု မငြိမ်မသက်မှုပေါ့။ ကာလတစ်ခုကနေ ကာလတစ်ခုကို ပြောင်းလို့ ဆောင်းရာသီ က ပီပီပြင်ပြင် မဖြစ်သေးရင် အဲ့ဒီလို (မိုးကြိုးပစ်တာမျိုး) က လာဦးမှာ” ဟု ဦးလှထွန်းက ဆိုသည်။
ယမန့်နေ့က ရန်ကုန်တွင် မိုးရွာသွန်းခဲ့သကဲ့သို့ ထပ်မံ ဖြစ်ပွားနိုင်ပါသေးလားဟု MT News သတင်းဌာနက မေးမြန်းရာတွင် အဆိုပါဖြစ်စဉ်မှာ မုန်တိုင်း ဟမွန်းကြောင့် ဖြစ်ပြီး လာမည့် ကာလတွင် အလားတူ ရွာသွန်းခြင်းမျိုး မရှိနိုင်တော့ဟု ဆိုရမည် ဖြစ်သော်လည်း အရှေ့ဘက်မှ လေပွေလှိုင်းများကြောင့်လည်း ဖြစ်နိုင်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလ သည် မိုးလေကင်းစင်သည့်လ မဟုတ်သည့်အတွက် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းများနှင့် လေထု မငြိမ်မသက်မှုများ ဖြစ်နိုင်သည်ဟုဆိုပြီး လကုန်ပိုင်းအထိ အလားတူ ရွာသွန်းမှုမျိုး လုံးဝ မဖြစ်နိုင်တော့ကြောင်းလည်း ၎င်းက ရှင်းပြသည်။