October 30, 2024

KNU တိုက်ခိုက်ဖျက်ဆီးခဲ့သည့် တပ်စခန်းသုံးခုမှသိမ်းဆည်းရမိထားသည်များကို တွေ့ရစဥ်

၁၄. ၁၁. ၂၀၂၂

Written by Nay Moe

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းရှိ သံဆိပ်၊ ဘောကထာ၊ တုံးတံတာစခန်းတို့အား တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး လခရ ၁၁ ဦးအား သတ်ဖြတ်နိုင်ခဲ့သည်ဟု KNU က ယနေ့တွင် ကြေညာထားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၏ တပ်ရင်း (၇) နှင့် တပ်ရင်း (၉) Federal wings drone တို့ပူးပေါင်းပြီး တပ်ရင်း (၇) နယ်မြေအတွင်းရှိ သံဆိပ်စခန်း၊ တပ်ရင်း (၉) နယ်မြေ အတွင်းရှိ ဘောကထာ နှင့် တုံးတံတာစခန်းတို့အား တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ KNLA မှ အဆိုပါ တပ်စခန်းများအား နိုဝင်ဘာ ၁၂ ရက် နံနက် ၄ နာရီ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲအချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ သံဆိပ်စခန်းနှင့် ဘောကထာစခန်းတို့အား KNLA ၏ မြေပြင်တပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုမူ တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ တပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးရာတွင် လခရ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စိစစ်အတည်ပြုနေဆဲဖြစ်သည်ဟုလည်း KNU က ဆိုသည်။

အဆိုပါ စခန်းများမှ MA အမျိုးစားသေနတ် ၈ လက်၊ ကျည်ဆံ ၃၀၇၀ တောင့်၊ 9mm ၂ လက်၊ 81mm ၁ လက်၊ 81mm ကျည် ၆၈ လုံး၊ 60mm အရှည် ၁ လက်၊ 60mm အတို ၄ လက်၊ 60mm ကျည် ၁၁၃ လုံး၊ RPG-7 ၁ လက်၊ RPG-7 ကျည် ၇၇ လုံး၊ လက်ပစ်ဗုံး ၂၈ လုံး၊ Short Gun ၁ လက်၊ Short Gun ကျည် ၈၈ တောင့်၊ M14 ခြေနင်းမိုင်း ၁၀ လုံး၊ တိုက်မိုင်း ၁၀ လုံး၊ ကျည်ဘောက် ၂၇ ခုနှင့် မိုင်းရှာစက် ၁ ခုတို့အား KNLA သိမ်းဆည်းရမိခဲ့သည်။ စခန်းများအား ရှင်းလင်းစဉ်အချိန်အတွင်း လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် တိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့် စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိဟုလည်း သိရသည်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဥ်ဖြစ်ပွားပြီးသည့်နောက်တွင် တိုက်ပွဲကြီးတိုက်ပွဲငယ်များ အစဉ်မပြတ် ဖြစ်ပွားလျက်ရှိပြီး မြေပြင်တိုက်ပွဲပေါင်း ၃၈၂ ကြိမ်ဖြစ်ပွားခဲ့ကာ လခရ တပ်ဖွဲ့ဝင် ၄၈၀ ဦးခန့် ကျဆုံးပြီး ၂၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်မှစတင်ပြီး KNLA Federal wings Drone တပ်ဖွဲ့ဖြင့် လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ တိုက်ခိုက်မှုပေါင်း ၆၄ ကြိမ် တိုက်ခိုက်ရာ လခရတပ်မှ ၇၀ ဦးကျဆုံးခဲ့ပြီး ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် KNLA နှင့် KNDO တို့မှ တပ်၏ တပ်စခန်း (၇) လုံးအား တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *