◾ နွေဦးတော်လှန်ရေးကာလအတွင်း PDF များ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သံဃာ ၈၉ ပါး ပျံလွန်
၂၅. ၁၀. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာရွာအခြေပြု လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် သာလွန်အင်အားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးစဉ် “အင်းကျောင်း” ဘုန်းတော်ကြီးကျောင်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၍ ရှင်သာမဏေတစ်ပါးနှင့် ဘုန်းကြီး ကျောင်းသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အင်အား ၄၀၀ ဦးခန့်က သလဲဘာကျေးရွာ၏ တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် မြောက်ဘက်တို့မှ အဖွဲ့သုံးဖွဲ့ခွဲကာ သာလွန်အင်အားအသုံးပြု၍ လက်နက်ကြီး၊ လက်နက် ငယ်၊ Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၅ မိနစ်တွင် PDF များသည် သလဲဘာကျေးရွာ၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဝက်လက်မြို့နယ်၊ သရက်ချိုကျေးရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် PDF များက ၎င်းတို့၏ နောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံရှင်းလင်းနိုင်ခြင်းမရှိစေရန် ၎င်းတို့ထွက်ပြေးသည့် လမ်းဘေးရှိ “အင်းကျောင်း” ဘုန်းတော်ကြီးကျောင်းဆောင်အတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာ ဘုန်းကြီး ကျောင်းဆောင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်ပေါ်၌ရှိနေသည့် ကျောင်းထိုင်ဆရာတော် ဥူးစာရဏ( သက်တော် ၇၆ နှစ်)၊ (ဝါတော် ၁၇ ဝါ)တွင် လည်ပင်း၊ ရင်ဘတ်တို့၌ ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး ရှင်သာမဏေ ရှင်နိမ္မလ (သက်တော် ၁၂ နှစ်)၊ (ဝါတော် ၂ ဝါ)နှင့် ဘုန်းကြီးကျောင်းသားဖြစ်သူ မောင်လှိုင်ဘွားအောင် (၁၀)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုတိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်သော GZP -Mandalay ၊ MRTF ၊ NDRA ၊ ကျောက်ဆည်ခရိုင်ရင်း ( ၂ ) ၊ စစ်ကိုင်း ခရိုင် ရင်း( ၂ ) ၊ Drone အဖွဲ့များ ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များပူးပေါင်း၍ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုတွင် လခရများဘက်မှ ၈ ဦးသေဆုံးသည်ဟု ပုသိမ်ကြီးပကဖက ဝန်ခံထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်ကလည်း သလဲဘာကျေးရွာအား ပျုရွာဟုဆိုတာ PDF များက မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဇန်နဝါရီ ၂၇ ရက် နေ့လည် ၂ နာရီခွဲမှ စတင်ပြီး BFRA – Wet Let ၊ သိန်းငှက် ပျောက်ကြားအဖွဲ့၊ အရာတော်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါအဝင် အရာတော်၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ် အခြေပြု ဒေသကာကွယ်ရေး တပ်ဖွဲ့များက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နွေဦးတော်လှန်ရေးကာလအတွင်း သံဃာတော် ၈၈ ပါးနှင့် သီလရှင်တစ်ပါး သတ်ဖြတ်ခံထားရပြီး ယခု ပုသိမ်ကြီးပကဖအပါအဝင် PDF အဖွဲ့များ သတ်ဖြတ်လိုက်သည့် ဥူးစာရဏမှာ ၈၉ ပါးမြောက် ပျံလွန်တော်မူရခြင်းဖြစ်သည်။