October 30, 2024

မြန်မာနိုင်ငံအတွင်းသို့ FDI ဝင်ရောက်ထားသည့် ကဏ္ဍများကို ရာခိုင်နှုန်းအလိုက် တွေ့ရစဥ်

၁၄. ၁၁. ၂၀၂၂

Written by Tha Doe

ပြီးခဲ့သည့် အောက်တိုဘာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းဝင်ရောက်မှု (FDI) ဒေါ်လာ သန်း ၂၁၀ကျော်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း ဒုတိယအများဆုံးဝင်ရောက်မှုဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာ နှစ်လပေါင်းတွင် ဒေါ်လာ ၂၀ ဒသမ ၆၃၅ သန်းသာ ဝင်ရောက်ခဲ့သဖြင့် အောက်တိုဘာလ FDI ဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်လကထက် ဆယ်ဆကျော်မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ဧပြီလကုန်၌ ဒေါ်လာ ၅ ဒသမ ၉၉၅ သန်း၊ မေလကုန်တွင် ဒေါ်လာ ၁၅ ဒသမ ၃၃၂ သန်း၊ ဇွန်လကုန်တွင် ဒေါ်လာ ၂၁ ဒသမ ၉၉၁ သန်း၊ ဇူလိုင်လကုန်တွင် ဒေါ်လာ ၁၂၂၀ ဒသမ ၅၂၅ သန်း ဝင်ရောက်ခဲ့ပြီး အဆိုပါလတွင် စွမ်းအင်ကဏ္ဍသို့ ဒေါ်လာ ၇၀၂ ဒသမ ၄၀၃ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍသို့ ဒေါ်လာ ၃၇၆ ဒသမ ၀၆၈ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနောက် ဩဂုတ်လကုန်တွင် FDI ဝင်ရောက်မှု ဒေါ်လာ ၁၀ ဒသမ ၃၄၃ သန်းအထိ ကျဆင်းကာ ဒေါ်လာ ၁၂၃၀ ဒသမ ၈၆၈ သန်း ဝင်ရောက်ခဲ့သလို စက်တင်ဘာလကုန်တွင်လည်း ဒေါ်လာ ၁၀ ဒသမ ၂၉၂ သန်းသာဝင်ရောက်ကာ စုစုပေါင်း FDI ဝင်ရောက်မှုမှာ ခြောက်လအတွင်း ဒေါ်လာ ၁၂၄၁ ဒသမ ၁၆၀ သန်းသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် အောက်တိုဘာလတွင် ၂၁၀ ဒသမ ၇၃၃ သန်း ထပ်မံဝင်ရောက်ကာ ယခုဘဏ္ဍနှစ်ခုနစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၁၄၅၁ ဒသမ ၈၉၃ သန်းသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ အောက်တိုဘာလတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်သည့်ကဏ္ဍမှာ စွမ်းအင်ကဏ္ဍမှ ဒေါ်လာ ၁၁၄ ဒသမ ၆ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၃၅ သန်း၊ သတ္ထုကဏ္ဍတွင် ဒေါ်လာ ၇ သန်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၅ သန်း ဝင်ရောက်ကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာ၌ ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ဒေါ်လာ ၀.၈၀၀ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှ ဒေါ်လာ ၅၀ ဒသမ ၈၃၃ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ယခုနှစ် အောက်တိုဘာလကုန်အထိ ဒေါ်လာ ၉၂၄၃၁ ဒသမ ၂၃၆ သန်းအထိ ဝင်ရောက်ထားပြီး SEZ များသို့ ဒေါ်လာ ၂၁၈၈ ဒသမ ၀၉၀ သန်းအထိ ဝင်ရောက်ထားသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဝင်ရောက်ခြင်းမှာ ဒေါ်လာ ၉၄၆၁၉ ဒသမ ၃၂၆ သန်း ဝင်ရောက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *