October 19, 2024

MT News
၂၄. ၁၀. ၂၀၂၃

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း Hamoon ကြောင့် ချင်းနှင့် ရခိုင်မြောက်ပိုင်း မုန်တိုင်းသက်ရောက်မှုအပြင် နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှု သတိပြုရန်လိုအပ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခုထုတ်ပြန်သတိပေးသည်။

ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟမွန်း(Severe Cyclonic Storm HAMOON) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းဟမွန်း(Very Severe Cyclonic Storm HAMOON) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းဟမွန်းသည် မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် (၁၉၀)မိုင်ခန့်၊ မောင်တောမြို့၏ အနောက် – အနောက်တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ အရှေ့ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ ဒီဂါမြို့၏ အရှေ့ တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၂၅) မိုင်ခန့်နှင့် စစ်တကောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

This image has an empty alt attribute; its file name is photo_2023-10-24_15-26-15-616x1024.jpg

ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် ဟမွန်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်သဖြင့် သက်ရောက်မှုကို ခံစားရနိုင်သည်ဟု သိရသည်။

ဟမွန်းသည် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု (၂၀.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၅)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၇၅)မိုင်မှ မိုင်(၈၀)နှုန်းခန့် ဖြစ်သည်။ နောက်(၃၆)နာရီအတွင်း ဟမွန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် (၉)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းအဖြစ်သို့ အားလျော့သွားနိုင်ကာ၊ နောက် (၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့ကြားမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

This image has an empty alt attribute; its file name is photo_2023-10-24_15-26-06-1024x769.jpg

ဟမွန်း၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ အောက်တိုဘာ ၂၆ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်ဟုသိရပြီး ရေကြီးမြေပြိုမှုများ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *