၂၃.၁၀.၂၀၂၃
Translated by Htwe Ko Tun
အစ္စရေး-ဟားမားစ်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်မှစ၍ ဟားမားစ်အုပ်စု၏တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံတောင်ပိုင်း ဂါဇာကမ်းမြောင်ဒေသအနီး မြို့များတွင်နေထိုင်ကြသူများနှင့် ဟစ်ဇ်ဘိုလာအကြမ်းဖက်အုပ်စုနှင့် ပါလက်စတိုင်းအုပ်စုများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံမြောက်ပိုင်းတွင် နေထိုင်ကြသူများ စုစုပေါင်း အစ္စရေးပြည်သူ ၂၀၀,၀၀၀ ခန့်မှာ ယခုအခါ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း အစ္စရေးအာဏာပိုင်များက ပြောခဲ့ကြသည်။
အဆိုပါ စစ်ရှောင်ပြည်သူ ၂၀၀,၀၀၀ ခန့် အနက် ထက်ဝက်ခန့်ကို ဂါဇာနှင့် လက်ဘနွန်နယ်စပ်အနီးဒေသ များရှိ လူ့အဖွဲ့အစည်း ၁၀၅ ခုမှ ကယ်ဆယ်ရန် အစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ကျန်ထက်ဝက်ခန့်မှာ မိမိတို့ဆန္ဒအလျောက် ပြောင်းရွှေ့လာကြခြင်းဟု အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၂၂ ရက်တွင်ပြောခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့(NEMA) ကလည်း ဂါဇာ နယ်စပ် လေးကီလိုမီတာခန့်အရှည်ရှိ နယ်မြေအတွင်းမှ လူ့အဖွဲ့အစည်း ၂၅ ခု နှင့် လက်ဘနွန်နယ်စပ် နှစ် ကီလိုမီတာအရှည်ရှိ နယ်မြေအတွင်း လူ့အဖွဲ့အစည်း ၂၈ ခုမှကယ်ဆယ်လာသောပြည် သူ ၁၂၀,၀၀၀ ခန့်အတွက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်းပြောခဲ့သည်။
အစ္စရေးအစိုးရက အဆိုပါထွက်ပြေးလာကြရသော ပြည်သူအားလုံးအတွက် တပ်မှပြန်လာခွင့်ပြုသည်အထိ တာဝန်ယူပေးရမည်ဖြစ်သည်။ ဂါဇာနယ်စပ်ကို အစ္စရေးစစ်တပ်က ပိတ်ဆို့စစ်ရေးဇုံအဖြစ်နှင့် လက်ဘနွန်နယ်စပ်ကိုလည်း တင်းကြပ်နယ်မြေအဖြစ် ယခုအခါ သတ်မှတ်ထားသည်။
Ref—-The Times of Israel