October 19, 2024

၂၄. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံတို့သည် တစ်ဦးကိုတစ်ဦးယုံကြည်အားထားမှုပြည့်ဝသည့် အခြေအနေအတွင်း နှစ်ဖက်အကျိုးတူ ဆက်ဆံရေးများ ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ၎င်း၏တီဟီရန်သို့ အလည်ခရီးအတွင်း အီရန်သမ္မတ အီဘရာဟင် ရေစီနှင့် တွေ့ဆုံရာ၌ အောက်တိုဘာလ ၂၄ ရက် နံနက်က ပြောခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ ရုရှားနိုင်ငံနှင့်အီရန်နိုင်ငံတို့သည် အစဉ်အလာအားဖြင့် တစ်ဦးကိုတစ်ဦး ယုံကြည်အားထားမှုပြည့်ဝစွာဖြင့် နှစ်နိုင်ငံစီးပွားဖက်တည်ရှိမှုကို ဘက်ပေါင်းစုံပါဝင်သည့် အသိုက်အဝန်းအတွင်း တည်ဆောက်ရန် အလေးထား၍ လက်ရှိဆောင်ရွက်ရ မည့် နှစ်ဖက်အကျိုးတူ အစီအစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

လက်ဗ်ရော့ဗ်က တရုတ်နိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံများသို့ သွားရောက်အပြီးတွင် အီရန်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အီရန်သမ္မတနှင့် စွမ်းအင်နှင့်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြသည်။ လက်ဗ်ရော့ဗ်က စက်တင်ဘာလအတွင်းက နာဂေါ်နို-ကာရာဘက် ဒေသခွဲထွက်ရန် ကြိုးစားမှုကို အဇာဘိုင်ဂျန်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ကာ အာမေးနီးယန်းမျိုးနွယ်များကို ထွက်ပြေး စေခဲ့ပြီးနောက်တွင် ကော့ကေးရှပ်တောင်ပိုင်းဒေသ အတွင်း ငြိမ်းချမ်းမှုရှိစေရန် ရည်ရွယ်၍ အီရန်က အိမ်ရှင်အဖြစ်ဆောင်ရွက်ခဲ့သော ဒေသဆိုင်ရာဆွေးနွေးပွဲများ၌ ပူးပေါင်းပါဝင်ခဲ့သည်။

ရုရှားအစိုးရက ယူကရိန်းစစ်ပွဲစတင်ခဲ့သော ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလမှစ၍ စစ်ပွဲအတွင်း အီရန်ကရုရှားသို့ မောင်းသူမဲ့လေယာဉ်များ ထောက်ပံ့ခဲ့သည်ဟု ယူကရိန်းအစိုးရက စွပ်စွဲခဲ့သည်။ ထိုမောင်းသူမဲ့လေယာဉ်များကို အဓိကအသုံးပြု၍ ရုရှားတို့က ယူကရိန်းမြို့ကြီးများနှင့်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟုလည်း ယူကရိန်းအစိုးရက စွပ်စွဲခဲ့သည်။

အမေရိကန်အစိုးရကမူ အီရန်နှင့်ရုရှားတို့အကြား ကာကွယ်ရေးမိတ်ဖက်များအဖြစ် လျင်မြန်စွာ ကြီးထွား ဖွံ့ဖြိုးလာမှုက ယူကရိန်းကိုသာမက အီရန်၏ အိမ်နီးချင်းများကိုပါ အန္တရာယ်ရှိစေ၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

Ref—–CNA

Leave a Reply

Your email address will not be published. Required fields are marked *