October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Nay Moe

ရွှေဘိုဆေးရုံကြီးကို ဗုံးလာခွဲတယ်ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူယူဆောင်လာတဲ့ဗုံးက သူ့လက်ထဲတင်ပဲ ဗုံးပေါက်ကွဲသွားတာကြောင့် လက်နှစ်ဖက်ပြတ်တောက် ဒဏ်ရာရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံမှာ အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီခန့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် တာဝန်ရှိသူတွေ စစ်ဆေးချိန်မှာ အမျိုးသမီးတစ်ယောက်ကို လက်နှစ်ဖက်ပြတ်တောက်ပြီး တစ်ကိုယ်လုံးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာဗရပွနဲ့ တွေ့ခဲ့ရသလို အတူပါလာတဲ့အမျိုးသားတစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတာပါ။ လက်ထဲတင်ဗုံးကွဲခဲ့တယ်ဆိုတဲ့ အမျိုးသမီးကို စစ်ဆေးချက်အရ မပပဆိုသူဖြစ်ပြီး ရွှေဘိုမြို့ အမှတ် (၇) ရပ်ကွက်မှာ နေသူလို့သိရတာပါ။ လက်ရှိအချိန်မှာ လက်နှစ်ဖက်ပြတ်တောက်သွားတဲ့အမျိုးသမီးကို ဆေးကုသပေးထားပြီး တာဝန်ရှိသူတွေက ဆက်လက်စိစစ်နေတယ်လို့ သိရပါတယ်။

“ဆေးရုံအုပ်ကြီးရုံးခန်းနားမှာ မိုင်းကွဲသွားပြီး သူ့လက်နှစ်ဖက်ပြတ်သွားတာ။ တစ်ယောက်ကလည်း ထွက်ပြေးသွားတယ်ပြောတယ်။ အခုတော့ တာဝန်ရှိသူတွေက စစ်ဆေး ကုသပေးနေတယ်” လို့ ရွှေဘိုဆေးရုံအနီးနေသူတစ်ဦးက MT News ကို ပြောပါတယ်။

လက်ရှိအချိန်မှာ လက်နှစ်ဖက်ပြတ်သွားတဲ့အမျိုးသမီးဟာ ဘယ်အဖွဲ့အစည်းကဆိုတာ မသိရသေးသလို ဒီအမျိုးသမီးကို စိစစ်မှုတွေကို MT News က ဆက်လက်စုံစမ်းနေပြီး သူမဟာဗုံးခွဲသူဟုတ် မဟုတ် အတည်ပြုချက်သိရရင် ဆက်လက်ဖော်ပြပေးပါမယ်။

၂၀၂၁ ပဋိပက္ခအပြီးမှာ NLD ပါတီထောက်ခံတဲ့ ဆရာဝန်တွေ CDM လုပ်ပြီး ဆေးရုံတွေပိတ်ကြသလို NUG၊ PDF တွေ ပေါ်ပေါ်လာပြီးတဲ့နောက် ပြည်သူ့အတွက် ဖွင့်လှစ်ထားတဲ့ဆေးရုံဆေးခန်းတွေကို ဗုံးခွဲတာ၊ ဒရုန်းချတာတွေကို အကြိမ် ၉၇၆ ကြိမ်အထက် တိုက်ခိုက်ထားကြတဲ့အပြင် CDM မလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်သတ်ဖြတ်မှုကလည်း ဒီနှစ်ကိုးလအတွင်းမှာကို ၂၇ ဦးအထိရှိနေတယ်လို့ ဆွတ်ဇာလန်အခြေစိုက် Insecurity Insights အဖွဲ့က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *