၂၄. ၁၀. ၂၀၂၃
Written By Treasure
အောက်တိုဘာ ၂၁ ရက်နေ့က ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၇)ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းက GFA အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ရှမ်းယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဇွဲခန့်မင်းဟာ ပြိုင်ဘက်အသင်းရဲ့ ကစားသမားကို ထိုးကြိတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒဏ်ကြေးငွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းကော်မတီကနေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းနဲ့ GFA အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ မိနစ် ၈၀ ကျော်မှာတော့ ရှမ်းယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဇွဲထက်မင်းနဲ့ GFA ကစားသမားတို့ ဘောလုံးယှဉ်လုရင်း အချင်းများနေမှုကို ဇွဲခန့်မင်းက ပြိုင်ဘက်ကစားသမားကို ဝင်ရောက်ထိုးကြိတ်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးကတော့ အချင်းများမှုကို စတင်ခဲ့တဲ့ ဇွဲထက်မင်းကို အနီကတ်ပြထုတ်ပယ်ခဲ့ပေမယ့် ပြိုင်ကစားသမားကို ဝင်ရောက်ထိုးကြိတ်ခဲ့တဲ့ ဇွဲခန့်မင်းကိုတော့ အဝါကတ်သာပြသပြီး သတိပေးမှုကိုသာ ခံခဲ့ရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းကော်မတီအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့ကြတဲ့ ဇွဲခန့်မင်းနဲ့ ဇွဲထက်မင်းတို့ကို အရေးယူနိုင်ဖို့အတွက် ဖြစ်စဉ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို အသေးစိတ်ပြန်လည် ကြည့်ရှုတာ၊ အဲ့ဒီပွဲစဉ်ကို တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဒိုင်လူကြီးတွေ၊ ဒိုင်ကြီးကြပ်နဲ့ ပြိုင်ပွဲကြီးကြပ်တို့ အစီရင်ခံစာတွေ ဖတ်ရှုတာ၊ တာဝန်ကျဒိုင်လူကြီးကို ခေါ်ယူမေးမြန်းတာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းနဲ့ GFA အသင်းတို့ပွဲစဥ်မှာ ရှမ်းယူနိုက်တက်အသင်းက ကျောနံပါတ် ၂ ဇွဲခန့်မင်းက ဝေယံထွန်းကို ပြေးဝင်တွန်းထိုးခဲ့ပြီး အပေါ်စီးက လက်သီးနဲ့ထိုးကြိတ်ခဲ့တဲ့ လုပ်ရပ်ဟာ အားကစားသမားကောင်းမပီသတဲ့ အပြုအမူဖြစ်တဲ့အတွက် ဇွဲခန့်မင်းကို MNL 1 & 2 League Regulations 2023 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၄ နဲ့ ငြိစွန်းမှုရှိတာကြောင့် အနီးစပ်ဆုံး ၃ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ၅ သိန်းကျပ် ပေးဆောင်ဖို့ချမှတ်ခဲ့သလို အနီကတ်ပြသ ထုတ်ပယ်ခံခဲ့ရတဲ့ ရှမ်းယူနိုက်တက်အသင်းက ကျောနံပါတ် ၂၄ ဇွဲထက်မင်းကို MNL 1 & 2 League Regulations 2023 စည်းကမ်းထိန်းသိမ်းရေးစည်းမျဉ်း အပိုဒ် ၂၉၊ အပိုဒ်ခွဲ (ဂ)အရ အနီးဆုံး အနီးစပ်ဆုံး ၁ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ တစ်သိန်းကျပ် ပေးဆောင်စေဖို့ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
GFA အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကြောင့် ပြစ်ဒဏ်တွေချမှတ်ခံထားရတဲ့ နောက်ခံလူ ဇွဲခန့်မင်းနဲ့ ဇွဲထက်မင်းဟာ အနီးစပ်ဆုံး ပွဲစဉ်အနေနဲ့ အောက်တိုဘာ ၂၆ရက်မှာ ရှမ်းယူနိုက်တက်အသင်းယှဉ်ပြိုင်ကစားရမယ့် AFC Cup ပွဲစဉ်ကို လွဲချော်နိုင်သလို ဇွဲခန့်မင်းနဲ့ ဇွဲထက်မင်းတို့အပေါ်ချမှတ်ခဲ့တဲ့ ဒဏ်ကြေးငွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေဟာ လျော့ပေါ့လွန်းတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။