၂၄. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အောက်တိုဘာ ၇ ရက်မှ စတင်ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း ဓားစာခံအဖြစ် ဟားမားစ်တို့၏ ဖမ်းဆီးခြင်းကို ၁၄ ရက်ကြာခံထားရသည့် အစ္စရေးအမျိုးသမီးကြီးနှစ်ဦးအား အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် စစ်သွေး ကြွအုပ်စုက ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးကြီးနှစ်ဦးမှာ အသက် ၇၉ နှစ်ရှိ နျူရစ်ကူပါးနှင့် အသက် ၈၅ နှစ်ရှိ ရို့ချ်အိဗ် လစ်ဖ်ရှစ်ဇ်တို့ ဖြစ်ကြပြီး ၎င်းတို့အား ဂါဇာဒေသမှ အီဂျစ်နိုင်ငံအတွင်းသို့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် ပို့ပေးခဲ့ကာ ထိုမှ အစ္စရေးနိုင်ငံ ဆေးရုံတစ်ရုံသို့ သယ်ဆောင်သွားခဲ့ကြောင်းသတင်းများက ဆိုသည်။
အဆိုပါအမျိုးသမီးကြီးနှစ်ဦး၏ ခင်ပွန်းများဖြစ်သော အသက် ၈၄ နှစ်ရှိ အမီရမ် ကူပါးနှင့် အသက် ၈၃ နှစ်ရှိ အိုဒက် လစ်ဖ်ရှစ်ဇ်တို့ အပါအဝင် အနည်းဆုံး ၂၂၀ ဦးကို ဟားမားစ်တို့က ဓားစာခံများအဖြစ် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ယုံကြည်ရသည်။ ထို အစ္စရေးအဖိုးအို၊ အဖွားအိုများမှာ အစ္စရေးနိုင်ငံ ကစ်ဘုဇ် နာအော့ဇ်မြို့မှဖြစ်ကြပြီး အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
အီဂျစ်ရုပ်မြင်သံကြားဌာနမှ ရိုက်ကူးပြသချက်များအရ အမျိုးသမီးကြီးနှစ်ဦးအား ကျန်းမာရေးဆေးစစ်ရန် သူနာတင်ယာဉ်များဖြင့်သယ်ဆောင်၍ ဆေးရုံသို့မောင်းနှင်သွားခဲ့သည်ကို တွေ့ကြရသည်။
နောက်ပိုင်းတွင် အစ္စရေးအမျိုးသမီးကြီးနှစ်ဦးအား ကျန်းမာရေးဆေးစစ်ဆေးမှုပြုလုပ်ခဲ့ရာ တယ်လ်အဗစ်မြို့၊အီချီလော့ဗ်ဆေးရုံမှ သူနာပြုတစ်ဦးက အဆိုပါအမျိုးသမီးကြီးနှစ်ဦးစလုံးမှာ ဆေးစစ်ဆေးချက်များအရ ကျန်းမာရေးကောင်းမွန်သည့် အခြေအနေတွင်ရှိကြောင်း ပြောကြားခဲ့သည်။
Ref : ; The Times of Israel