October 19, 2024

၂၁. ၁၀. ၂၀၂၃

Written by Nyein Kyaw

မွေးမြူရေးအတွက် အစာစပ်စက်ရုံ ဆောင်ရွက်ပြီး မွေးမြူရေးအစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်၍ မွေးမြူရေးဇုန်များ တိုးချဲ့ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကို ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

နိုင်ငံ၏ လူဦးရေအပေါ်မူတည်၍ တစ်နေ့လျင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စနစ်တကျ သုံးသပ်တွက်ချက်၍ မွေးမြူဇုန်များ တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)အနေဖြင့် အစာစပ်စက်ရုံဆောင်ရွက်ပြီး မွေးမြူရေးအစားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေရှိပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မွေးမြူရေးအစာထုတ်လုပ်ရန် ‌ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများလည်း ရှိပြီးဖြစ်သဖြင့် အစာစပ်စက်ရုံကို စနစ်တကျ‌ဆောင်ရွက်ပြီး ဒေသတွင်းနှင့် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနိုင်ရမည်ဖြစ်ကြောင်း၊ အေးသာယာစက်မှုဇုန်သည် တစ်နိုင်ငံလုံးသို့ ကြက်ဥများ အဓိကဖြန့်ဖြူးသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ကြက်ခြံများ တိုးချဲ့နိုင်ရေးအတွက်လည်း သမားရိုးကျနည်းလမ်းများအပြင် ခေတ်မီနည်းစနစ်များဖြင့် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလုံပိတ်အအေးခန်းစနစ် (Evaporated Cooling System) ဖြင့် အဆင့်မြင့် ကြက်မွေးမြူခြင်းသည် အရင်းအနှီးအားဖြင့် များသည်ဖြစ်သော်လည်း ဇီဝလုံခြုံမှုအပြည့်အဝရှိမည်ဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ခြင်း၊ အရည်အသွေးမြင့် ကြက်ဥများရရှိနိုင်မည်ဖြစ်သဖြင့် အေးသာယာစက်မှုဇုန် ဖွံ့ဖြိုးရေး‌တိုးတက်ရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *