MT News
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးမြို့နယ်တစ်ခုဖြစ်သည့် လှိုင်မြို့နယ်တွင် လုံခြုံရေးယာဥ်ကင်းလှည့်စဥ် ဗုံးဖြင့် ပစ်ခတ်ခံရသည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ည ၇ နာရီကျော်တွင် လှိုင်မြို့နယ် ဘူတာရုံလမ်းအနီး ကင်းလှည့်လာသော လုံခြုံရေးယာဥ်အား ဗုံးပစ်ထည့်တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းပျက်စီးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဆုံးရှုံးမှုရှိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
“လှိုင်မှာက လှည့်ကင်းယာဥ်ကို ဗုံးပစ်ထည့်သွားတယ်လို့ ကြားတယ်။ လှည့်ကင်းယာဥ်ဘက်က ပြန်ပစ်တော့ တချို့လူငယ်တွေ ထိတာရှိတယ်။ အဲဒီလူငယ်တွေ ဆေးခန်းမှာ ရှိနေတုန်း စစ်ဆေးဖို့ထပ်ဖမ်းသွားတယ်။ ဗုံးပေါက်တာတွေလည်း ရှိတယ်။ ည ၇ နာရီကျော်ကနေ အခုထိ လှိုင်ထဲမှာ လခရတွေ လုံခြုံရေးဆောင်ရွက်နေတုန်းပဲ။ အတိအကျကတော့ တာဝန်ရှိသူတွေပဲသိမယ်။ အခုက ကျွန်တော်တို့ လှိုင်မှာဖြစ်နေတာ ကျွန်တော် ကြားရသိရသမျှ အကုန်ပဲ”ဟု လှိုင်မြို့နယ်နေ MT News ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထိုသို့ ဖြစ်ပွားပြီးနောက် ဗုံးပစ်သူလူငယ်တချို့အား လခရဘက်က ပြန်လည်ပစ်ခတ်မှုလည်းရှိခဲ့ပြီး အဆိုပါဖြစ်စဥ်တွင် လှည့်ကင်းယာဥ်အား တိုက်ခိုက်သူဟု ယူဆခံရသူလူငယ်တချို့ရရှိဒဏ်ရာအား ဆေးကုသမှုခံယူစဥ် လခရဘက်က လာရောက်ဖမ်းဆီးမှုလည်းရှိသကဲ့သို့ PDF များဘက်မှ ထပ်မံဖောက်ခွဲတိုက်ခိုက်မှုများလည်း ရှိနေသည်ဟု သိရသည်။
ယမန်နေ့ညတွင် လှိုင်မြို့နယ်အတွင်း အပြန်အလှန်တိုက်ခိုက်မှုတင်းမာနေသော်လည်း လခရအပါအဝင် မည်သည့်အဖွဲ့အစည်းကမျှ သတင်းထုတ်ပြန်မှု မရှိသေးချေ။ ထို့အတူ လူမှုကွန်ရက်တွင်လည်း အပြန်အလှန်ထောက်ခံသူများ၏ စွပ်စွဲပြစ်တင်မှုများဖြင့်သာရှိနေပြီး အတည်ပြုရန် ခက်ခဲနေသည်။
သို့သော် လက်ရှိအချိန် လှိုင်ဖြစ်စဥ်အပေါ် တပ်မတော်၏ သတင်းထုတ်ပြန်မှုဖြစ်စဥ် ကြိုတင်ထုတ်ပြန်လေ့ရှိသည့် News of Myanmar ကမူ ”ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၇) ရပ်ကွက်၊ ဗဟိုလမ်းကမာရွတ်ဘူတာရုံအနီးတွင် လှည့်ကင်းယာဉ်ရောက်လာစဉ် နိုဝင်ဘာလ ၁၃ ရက် ည ၇း၃၀ နာရီအချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများထောင်ထားသည့် လမ်းဘေးဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး လမ်းပေါ်တွင် ဖြတ်သန်းသွားသည့် အငှားယာဉ်တစ်စီးပေါ်မှ ဦးဝင်းထိုက်ခြေထောက်တွင် ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ကြောင်းသိရသည်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့ကရှင်းလင်းရာ ဗဟိုလမ်းဘေး လမ်းအမှတ်အသားပြ ရောင်ပြန်ဆိုင်းဘုတ်အောက်တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ် လုံးထပ်မံတွေ့သဖြင့် ဗဟိုလမ်းပေါ်ပြောင်းရွှေ့ကာ ည ၉ နာရီတွင် ယမ်းကပ်ဖောက် ခွဲခဲ့ကြောင်းသိရသည်” ဟု ကနဦးဖော်ပြထားသည်။