October 19, 2024

MT News

၂၂. ၁၀. ၂၀၂၃

၄၂ ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ၄၁ ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က တာဝန်လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် ၄၁ ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (41st ASEANAPOL Conference) သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ရုရှား၊ နယူးဇီလန်၊ တူကီယဲ၊ ဗြိတိန်၊ ဩစတြေးလျနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လေ့လာသူနိုင်ငံ/အဖွဲ့အစည်းများ ဖြစ်ကြသော ကနေဒါ၊ ပြင်သစ်၊ ဖီဂျီ၊ တီမောလက်စတေ၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (IACP)၊ အမေရိကန် စုံစမ်းစစ်ဆေးရေးဗဟိုဌာန (FBI) တို့မှ အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံ၏ ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု၊ စီးပွားရေးမှုခင်းများနှင့် ဘဏ်ငွေကြေးလိမ်လည်မှုများ၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက် စာတမ်းများအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော်လိမ်လည်မှု၊ အာဆီယံရဲအဖွဲ့၏ အီလက်ထရောနစ် Database စနစ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ အာဆီယံရဲအဖွဲ့၏မှုခင်းဆေးပညာသိပ္ပံကွန်ရက် စသည့် မှုခင်းအမျိုးအစားများနှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ် Kamkim Phouilamanyvong က ၄၂ ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံ အာဆီယံရဲအဖွဲ့အထိမ်းအမှတ်တံဆိပ်ကို လွှဲပြောင်းပေးရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားခဲ့ပြီး တာဝန်လွှဲပြောင်းရယူခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *