October 19, 2024

၂၂. ၁၀. ၂၀၂၃

Written by Nay Aung

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်နှင့်ပတ်သတ်သော စီမံကိန်းများကို ကူညီထောက်ပံ့ပေးရန် စိတ်ဝင်စားနေကြောင်း ရုရှားအခြေစိုက် Riamo သတင်းဌာနက ဖော်ပြထားသည်။

မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းဦးဆောင်ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက Sergiev Posad ဒေသရှိ Bogorodskoye ကျေးရွာတွင်ရှိနေသည့် Zagorskaya PSPP ရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်လေ့လာခဲ့ပြီး ရုရှား RusHydro အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးချိန်အတွင်းရုရှား RusHydro ကုမ္ပဏီက လျှပ်စစ်ဓာတ်အား ၁၆၆ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ စီမံကိန်း၊ လျှပ်စစ်ဓာတ်အား ၂၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နန့်လမ် ရေအားလျှပ်စစ်စီမံကိန်း၊ လျှပ်စစ်ဓာတ်အား ၁၀၀၀ ထုတ်လုပ်နိုင်သည့် ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်းများအပါအဝင် မြန်မာနိုင်ငံရှိ စီစဉ်ထားသော ရေအားလျှပ်စစ်စီမံကိန်းများအတွက် Engineering Services ဝန်ဆောင်မှုများ ကူညီထောက်ပံ့ပေးနိုင်ရန် မြန်မာနိုင်ငံနှင့်အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးချိန်အတွင်း အလားလာရှိသော မိတ်ဖက် ကုမ္ပဏီများနှင့်တွေ့ဆုံနိုင်ရန် ရုရှားကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်မည့် သဘော တူညီချက်ကို ရရှိခဲ့သလို မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွင် RusHydro group က အင်ဂျင်နီယားဝန်ဆောင်မှုပိုင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့၏ ရုရှားရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်လေ့လာခြင်းသည် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံခန့်ခွဲနေမှုများနှင့် ပြုပြင်ထိန်းသိမ်းနေသည့် အခြေနေများနှင့်အတွေ့အကြုံများကို သွားရောက်လေ့လာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားလုံး၏အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော်တွင်ရှိနေကြောင်းသိရသည်။

RusHydro Group သည် ရုရှားရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္မဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ အကြီးဆုံး လျှပ်စစ် ဓာတ်အားပေးရေး ကုမ္ပဏီများထဲတွင် ပါဝင်ကြောင်း သိရသည်။

Ref; RIAMO Telegram

Leave a Reply

Your email address will not be published. Required fields are marked *