October 19, 2024

၂၂. ၁၀. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးသည် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၂၀ ကို ပြန်လည်ကယ်ဆယ်နိုင်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လောက်ကိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးအပါအဝင် အခြား မြန်မာအစိုးရအေဂျင်စီများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ခဲ့ရာအောက်တိုဘာ ၂၁ ရက် ည ၉ နာရီအချိန်တွင် လောက်ကိုင်မြို့မှ ထိုင်းနိုင်ငံသား ၁၂၀ ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Wisitstump က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသား ၁၂၀ သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်လောက်ကိုင်မြို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကူအညီပေးရန် တောင်းဆိုခဲ့၍ ထိုင်းအစိုးရက ၎င်းတို့ကို ပြန်လည်ကယ်ထုတ်ရန်ကြိုးပမ်းခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

This image has an empty alt attribute; its file name is 391700635_122129480654030934_9156585237404249616_n.jpg

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Kanchana Patarachok က မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၂၀ ကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း ထပ်မံပြောဆိုထားသည်။

ထိုင်းအမျိုးသား ၉၀ နှင့် အမျိုးသမီး ၃၀ တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ရှိသော ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ လိမ်လည်ခေါ်ယူခြင်းခံရကာ အဆိုပါဂိုဏ်းများလက်ထဲတွင်ပိတ်မိနေခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် လက်ရှိအချိန်တွင် ပြန်လည်ကယ်တင်နိုင်ခဲ့သော အဆိုပါ ထိုင်းနိုင်ငံသား ၁၂၀ ကို နေစရာနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးထားကြောင်း ထိုင်းသံရုံးက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ၎င်းတို့အနေဖြင့် ပြန်လည်ကယ်ထုတ်ခဲ့သော အဆိုပါထိုင်းနိုင်ငံသား ၁၂၀ ၏ အမည်များကို ပေးပို့ပေးရန် မြန်မာအာဏာပိုင်များကို တောင်းဆိုထားသလို လောက်ကိုင်မြို့တွင် ကျန်ရှိနေသေးနိုင်သော ထိုင်းနိုင်ငံသားများကို ရှာဖွေပြီး အကူအညီများထောက်ပံ့ပေးရန် တောင်းဆိုထားကြောင်းသိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ Kanchana Patarachok က”ပြန်လည်ကယ်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံသား အားလုံးဟာ ထိုင်းနိုင်ငံကို ရန်ကုန်မြို့ကနေ လေကြောင်းကတစ်ဆင့်ပြန်လာနိုင်သလို တာချီလိတ်မြို့ကနေ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ကို ကုန်းလမ်းကနေတစ်ဆင့် ပြန်လာနိုင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန်အတွက် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

Ref; bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *