၂၂. ၁၀. ၂၀၂၃
Written by Nyein Kyaw
ရွှေညောင်-တောင်ကြီး- နောင်ကားလမ်းခွဲ- ပင်းပက်လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး- ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်- ဆိုက်ခေါင်ရထားများကို ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ရထားပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ရွှေညောင်-တောင်ကြီး- နောင်ကားလမ်းခွဲ- ပင်းပတ် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ဟိုပုံမြို့အနီးပင်းပက်အထိ အရှည် (၁၀ ဒသမ ၇၈) မိုင်ကို အောင်မြင်စွာ တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါရထားလမ်းပိုင်းအသစ် ဖောက်ခြင်းနှင့်အတူ လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီး-ရထားလမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရန်၊ ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာဝန်ချိန်ပြည့် သယ်ယူပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီ ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တပါတည်း ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ် SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပြီးချိန်၌ ပင်းပက်သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သက်သာလွယ်ကူစွာ သယ်ယူပို့ပေးနိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေခြင်း၊ ဒေသတွင်းမှ ကုန်စည်များကို ရထားဖြင့် ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်ခြင်း၊ စက်မှုကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်ရာဒေသအရောက် လွယ်ကူစွာပို့ဆောင်ပေးနိုင်သည့်အတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း SACဥက္ကဋ္ဌက ပြောကြားသည်။