၁၃.၁၁.၂၀၂၂
Written by A Thaung
ရန်ကုန်မြို့အခြေစိုက် ဆန်လုပ်ငန်းကုမ္ပဏီတစ်ခုမှ ငွေကျပ်သိန်းပေါင်းတစ်သိန်းကျော် လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
“ဖြစ်တာကတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက စယိုင်နေတာ။ ယိုင်ပြီးတော့ ပြီးခဲ့တဲ့ နောက်ဆုံး ၂၀၂၂ ရာသီကုန်မှာ မန္တလေးဘက်ကလူတွေနဲ့ ချိတ်ဆက်ပြီးလုပ်တယ်။ ရန်ကုန်က ပါသွားတာတော့ နည်းတယ်။ အများဆုံးပါတာက မန္တလေးများတယ်။ လောလောဆယ်ငြိတာတော့ သောင်းနဲ့ချီတာ ဆိုတာတော့ ကြားတယ်” ဟု အဆိုပါဖြစ်စဉ်ကို သိရှိထားသည့် ဆန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ နိုဝင်ဘာ ၁၃ ရက်နေ့နေ့လည်ပိုင်းတွင် အတည်ပြုပြောဆိုသည်။
အဆိုပါကုမ္ပဏီကို ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဆန်စပါးကြိတ်ခွဲရောင်းဝယ်ရေးလုပ်ငန်းအား ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းကပြောသည်။
“ငွေဘယ်လောက်ပါသလဲဆိုတာ၊ အဲဒါကျတော့ မှန်းရခက်တယ်။ အခုက လူတွေက ပါလို့ပါတယ်ဆိုရင်တောင်မှ ပါတယ်ဆိုတဲ့ပုံစံမျိုးကို ရှက်တဲ့အခါကျတော့ Amount ကို မပြောကြဘူး” ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
MT News အနေဖြင့် မူဆယ်၊ မန္တလေး၊ ရန်ကုန်ရှိ ဆန်စပါးသတင်းအရင်းအမြစ်များထံ ဆက်သွယ်စုံစမ်းကြည့်ရာ ငွေကျပ် သိန်းတစ်သိန်းကျော် လိမ်လည်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီမှာ ၂၀၁၈ ခုနှစ်တွင် မူဆယ်အခြေစိုက် ဆန်လုပ်ငန်းလုပ်ကိုင်ပြီးနောက် မန္တလေးသို့ ပြောင်းရွှေ့လာပြီး ထိုမှတစ်ဆင့် ရန်ကုန်တွင် ဆန်စက်နှင့် ဆန်စပါးကြိတ်ခွဲရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။
ကုမ္ပဏီအနေဖြင့် ငွေကြေးအရှုပ်တော်ပုံဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ငွေကြေးလည်ပတ်နိုင်ခြင်းမရှိတော့သဖြင့် ယခုကဲ့သို့ တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းကပြောသည်။
MT News အနေဖြင့် အဆိုပါကုမ္ပဏီအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန myco တွင် ဝင်ရောက်စုံစမ်းကြည့်ရာ လှိုင်မြို့နယ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒါရိုက်တာစာရင်းတွင် မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်အမျိုးသားတစ်ဦးအား စာရင်းသွင်းထားသည်ကိုတွေ့ရသည်။
ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၃ ကြိမ်ပြောင်းလဲခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်စာရင်း ၄ ကြိမ်ပြောင်းလဲခြင်းများ ပြုလုပ်ထားပြီး ကုမ္ပဏီအမျိုးအစားအား ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် အသေးစားကုမ္ပဏီတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ Myco ပါ ကုမ္ပဏီလိပ်စာတွင်ဖော်ပြထားသည့် တယ်လီဖုန်းနံပါတ် ၀၉၇၇၅၁၀၆— အား MT News မှ ဆက်သွယ်ခဲ့ရာ အဆိုပါဖုန်းမှာ ကုမ္ပဏီပိုင်ဖုန်းမဟုတ်ကြောင်းနှင့် လက်ရှိဖုန်းကိုင်ဆောင်ထားသူမှာ ကုမ္ပဏီနှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း ပြောသည်။
“အရင်တုန်းကတော့ ကျွန်မတို့ အဲဒီမှာလုပ်တယ်။ ဟုတ်တယ်။ အဲဒါ (ငွေကြေးလိမ်လည်မှုဖြစ်ပွား)တော့ မသိဘူးရှင့်။ အဆက်အသွယ်မရှိတာ ကြာပြီရှင့်။ အရင်တုန်းကတော့ ကျွန်မအဲဒီမှာလုပ်တာ ဟုတ်ပါတယ်” ဟု အဆိုပါဖုန်းကိုင်ဆောင်ထားသူ အမျိုးသမီးတစ်ဦးမှ MT News သို့ပြောသည်။
ဆန်စပါးရောင်းဝယ်သည့် ငွေကြေးလိမ်လည်မှုဖြစ်ပွားကြောင်း အတည်ပြုထားသော်လည်း လိမ်လည်သည့်ပမာဏအား အချိန်အနည်းငယ်ယူ၍ စိစစ်အတည်ပြုမှသာလျှင် ခိုင်မာမည်ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။
ကနဦးသတင်းများအရ အဆိုပါ ကုမ္ပဏီပိုင်ရှင်မှာ တရုတ်နိုင်ငံသား ဖြစ်သည်ဟုလည်း ဆိုကြပြီး တရုတ်ကုမ္ပဏီက ငွေ လိမ်လည်မှုမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လဆန်းကလည်းဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ်ဆန်ဈေးကွက်၌ တရုတ်နိုင်ငံသား ဆန်ကုန်သည် တဦးမှ မြန်မာဆန်ကုန်သည်များနှင့် တရုတ်နိုင်ငံ ရွှေလီ အခြေစိုက် ဆန်ကုန်သည်များအား ပေးချေရမည့် ဆန်နှင့်ဆန်ကွဲဖိုးငွေ ကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း အဆိုပါ တိမ်းရှောင်နေသူမှာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဆန်ရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် လော်ကြံဖန် Luo Jianfang (ခေါ်) လော်လောပန်းဆိုသူဖြစ်ပြီး၊ ၎င်းမှ မြန်မာဆန်ကုန်သည်များအား ကျပ်ငွေသိန်း ၂၆,၀၀၀ နှင့် တရုတ်နိုင်ငံ ရွှေလီမြို့ အခြေစိုက် ဆန်ကုန်သည်များအား ကျပ်သိန်း ၈၀,၀၀၀ ကျော် စုစုပေါင်း ကျပ်သိန်းပေါင်း ၁ သိန်းကျော် မပေးဘဲ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက ရေးသားခဲ့ကြသည်။