October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Nyein Kyaw

ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေသည့် ဇူလိုင်လတွင် အမြင့်ဆုံးဈေးတန်းသို့ ရောက်ရှိခဲ့သည့် ပြည်တွင်းကားဈေးနှုန်းသည် ယခုအောက်တိုဘာလမှစ၍ ပြန်လည်ကျဆင်းလာကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

“ကျွန်တော်တို့ မြန်မာပြည်ရဲ့ ကားဈေးကွက်ကို ရိုက်ခတ်သွားတဲ့ နေရာမှာ တစ်ခုကိုစံနှုန်းထားပြီး ပြောရမယ်ဆိုရင် ဇူလိုင်လ ၂၃ မှာ အထိမ်းအမှတ်ပဲခေါ်ခေါ်၊ အမှတ်တရပဲခေါ်ခေါ် ကျပ်နှစ်သောင်းတန် ထွက်မယ်ဆိုတဲ့အသံနောက်မှာ ကားဈေးကအဓိက ကျွန်တော်က ကားနဲ့ပတ်သက်လို့ ကားကိုပြောတာ။ အခြားရွှေဈေး၊ ငွေဈေးအကုန်တက်ပါတယ်။ အကုန်လုံးတက်လာတဲ့အခါမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ဈေးပေါ့ တော်တော်များများ ရောက်သွားပါတယ်။ ဇူလိုင်လ ၂၃ နောက်ပိုင်း မြင့်သွားတဲ့အမြင့်ဆုံးက ဩဂုတ်လအထိတော့ သွားပါတယ်။ စက်တင်ဘာလောက်ကျတော့ လုံးဝအေးသွားတဲ့ အခြေအနေရောက်သွားပြီးတော့ အခုချိန်မှာတော့ ပြန်ဆင်းတဲ့အခြေအနေကို ရောက်သွားတယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းကားဈေးနှုန်းများသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်မတိုင်မီ ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများအောက်သို့ ကားအမျိုးအစားတော်တော်များ ပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး ယင်းဈေးနှုန်းများအောက်သို့ ပြန်လည်မကျဆင်းသေးသည့် ကားအမျိုးအစားများလည်း ရှိနေသေးကြောင်း သိရသည်။ သို့သော် ပျမ်းမျှအားဖြင့် ကားစျေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျဆင်းလာမှုများရှိနေသည်။

“တချို့ကားတွေက အဲဒီဇူလိုင်လ ၂၃ ရက်က ဈေးကိုရောက်သွားသလို။ တချို့အဲဒီအောက်ကို ရောက်သွားတဲ့ ကားတောင်ရှိတယ်။ တချို့မရောက်သေးတဲ့ ကားလည်းရှိပါတယ်။ အားလုံးတော့မဟုတ်ဘူး။ ဘယ်လိုသုံးသပ်မလဲမေးရင်တော့ နဂိုဇူလိုင် ၂၃ ရက်ကဈေးကို စလုတ်တိုက်လိုက်ရင်တော့ ရောက်သွားပြီလို့ ပြောချင်ပါတယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ကားဈေးနှုန်းများ အကျဘက်သို့ ဦးတည်လာသည်ဆိုသော်လည်း ယခင်က ကျပ်သိန်း ၂၀၀ ဝန်းကျင်ဖြင့် အိမ်စီးကားတစ်စီး ရရှိနိုင်သော်လည်း လက်ရှိတွင် အနည်းဆုံး ကျပ်သိန်း ၃၀၀ ကျော်မှ ကျပ်သိန်း ၄၅၀ ဝန်းကျင်သုံးမှသာ အိမ်စီးကားတစ်စီး ရရှိနိုင်မည်ဖြစ်သည်။

“ကားဈေးက အနိမ့်ဆုံးအိမ်သုံးလူစီးကားက ကျပ်သိန်း ၃၀၀ ကနေ ၄၀၀ ကြားရှိတာပေါ့နော်။ အမြင့်ဆုံးအရောင်းအဝယ်ဖြစ်တဲ့ အနေအထားမှာတော့ သိန်းတစ်သောင်းအောက်မှာ အရောင်းအဝယ်ဖြစ်နေတာ။ လက်ရှိကတော့ ကားဈေးကွက်ဆိုတာမှာတော့ အမျိုးအစားက အများကြီးဖြစ်တဲ့အတွက်ကြောင့် အနိမ့်ဆုံးက ၃၅၀ နဲ့ ၄၀၀ လောက်မှ မပေးရင်လည်း အိမ်စီးအခြေခံကားတစ်စီး မရနိုင်သလို နည်းနည်းကောင်းကောင်း စီးမယ်ဆို သိန်းခြောက်ထောင်နဲ့ ခုနစ်ထောင်မှ မပေးရင်လည်း မရနိုင်ဘူးလို့ ပြောချင်ပါတယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *