၂၂. ၁၀. ၂၀၂၃
Written by Phyo Wei
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ်လ ၄ ရက်အထိ ပြည်ပကနေ ဒီဇယ်တန်ချိန် ၁,၅၀၉,၅၁၃ တန်နဲ့ ဓာတ်ဆီတန်ချိန် ၇၇၉,၄၂၄ တန် စက်သုံးဆီ စုစုပေါင်းတန်ချိန် ၂,၂၈၈,၉၃၇ တန်အထိ တင်သွင်းထားပြီး အရင်နှစ်ကာလတူထက် တန်ချိန် ၇၇၇,၇၉၇ တန်ချိန် ပိုမိုတင်သွင်းထားသလို တင်သွင်းမှုတန်ဖိုးမှာလည်း ဒီဇယ်က ၆၇၇၂၀ တန်(၇၀ ရာခိုင်နှုန်း) ပိုမိုတင်သွင်းပေမဲ့ တင်သွင်းမှုတန်ဖိုးက ၂ ဒသမ ၈ ဘီလျံကျော်နဲ့ ၂၂ ရာခိုင်နှုန်းပဲ မြင့်တက်ခဲ့ပါတယ်။ ဓာတ်ဆီကိုလည်း ၁၅၅,၇၂၇ တန် (ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း) ပိုမိုတင်သွင်းခဲ့ပေမဲ့လည်း တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၇၄၅ သန်းကျော်သာရှိပြီး အရင်နှစ်ထက် ကုန်ကျမှုတန်ဖိုး လေးရာခိုင်နှုန်း လျော့ကျခဲ့ပေမဲ့ ဆီစျေးတွေ စံချိန်တင်မြင့်တက်မှုအပြင် ဆီစျေးကျချိန်မှာ ဆီအရောင်းရပ်တဲ့ ဝိသမလောဘတက်မှု ကိန်းဂဏန်းအချက်အလက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်နှုန်းထား တစ်ဒေါ်လာ ကျပ် ၂၁၀၀ နဲ့ ရောင်းချနေရတဲ့အပြင် ကျန်တဲ့ ရာခိုင်နှုန်း ၅၀ ကိုပါ တစ်ဒေါ်လာ ၂၉၂၀ နဲ့ ရောင်းချနေရတာကြောင့် ပို့ကုန်တင်ပို့မှုမြင့်တက်ဖို့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို ပြင်ပမှာ လွတ်လပ်စွာရောင်းချခွင့်ပြုဖို့တောင်းဆိုတာနဲ့ မြေတွေယူထားပြီး တကယ်မလုပ်တဲ့နေရာတွေမှာ ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်သူတွေ လုပ်ကိုင်သင့်တယ်လို့ SAC ဥက္ကဋ္ဌက မှတ်ချက်ပြုလာတဲ့ဖြစ်စဉ်လည်း ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဘတ်ဂျတ်တွေ အမှန်တကယ်လိုအပ်တာထက် ပိုမတောင်းဖို့ သတိပေးတဲ့အကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအန္တရာယ်အကြီးဆုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံကတစ်ဆင့် တင်သွင်းလာတဲ့ အမှိုက်တွေက မြန်မာနိုင်ငံရောက်လာပြီး မြန်မာနိုင်ငံက ကမ္ဘာလုံးဆိုင်ရာအမှိုက်ပုံဖြစ်လာနေတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ ဘတ်ဂျက်တွေ လိုအပ်တာထက် ပိုမတောင်းဖို့ သတိပေးချက်
“ဦးသိန်းစိန်လက်ထက်မှာ “ဇီးသီးဗန်းမှောက် ဘတ်ဂျက်”၊ NLD အစိုးရဟောင်းလက်ထက်မှာ “ဘတ်ဂျက်ဘူဖေး” လို ပြောစမှတ်တွင်တဲ့အထိ ပုံပျက်ပန်းပျက်ဖြစ်ခဲ့တဲ့ မြန်မာ့ဘတ်ဂျက်နဲ့ ပတ်သက်လို့ SAC ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဘတ်ဂျက်တွေကို တိတိကျကျမှန်မှန်ကန်ကန်သုံးစွဲဖို မသုံးနိုင်တာတွေ ပြန်အပ်ဖို့ မနှစ်က ပြောခဲ့သလို လက်ရှိနှစ်မှာလည်း ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို ဘတ်ဂျက်တွေ အမှန်တကယ်လိုအပ်တဲ့ ငွေကြေးပမာဏကိုပဲ တွက်ချက်တောင်းခံဖို့နဲ့ သတ်မှတ်ကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်( ၈/၂၀၂၃)မှာ ထပ်ပြီး သတိပေးလာပါတယ်။
ဘတ်ဂျက်လိုငွေဟာ ဦးသိန်းစိန်အစိုးရငါးနှစ်သက်တမ်းမှာ ၆၆၈၄ ဘီလျံလောက်ပဲရှိတယ်ဆိုပေမဲ့ NLD အစိုးရဟောင်းငါးနှစ်မှာတော့ ၂၃၀၈၈ ဘီလျံလောက်ဖြစ်လာပြီး SAC သုံးနှစ်မှာတော့ ဘတ်ဂျက်လိုငွေက ၁၇၄၃၆ ဘီလျံလောက်ဖြစ်လာတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်မှုတွေ၊ ပြည်သူ့ကျပ်တည်းမှုတွေ ပိုမြင့်တက်လာတာတွေ့ရပြီး အဂတိမှုတွေနဲ့ အရေးယူရတာလည်း ရှိနေချိန်မှာ ဒီလိုမျိုးဘတ်ဂျက်လိုငွေတွေ စံချိန်တင်မြင့်တက်နေတာက ထောက်ပြစရာဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဘတ်ဂျက်တောင်းခံသူတွေဟာ ဖြတ်ချလိုက်တာနဲ့ အတော်ပဲဆိုပြီး ကုန်ကျနိုင်တာထက် အဆမတန်တောင်းကြပါတယ်။ အရင်တုန်းက လွှတ်တော်တွေမှာ အမတ်ရာချီက စိစစ်ချိန်မှာတောင် စိစစ်သူတွေက သေချာမစိစစ်နိုင်တာမျိုးကြုံရတတ်ပြီး အဆမတန်ပိုတောင်းတာကို မဖြတ်ချနိုင်တာမျိုးဖြစ်တတ်ချိန်မှာ လက်ရှိကာလလို လွှတ်တော်ဘက်က စိစစ်နိုင်မှုမရှိချိန်မှာ ဘတ်ဂျက်တွေကို အမှန်တကယ်ကုန်ကျသင့်တာထက် ပိုတောင်းခံနေရင် အဲဒီပိုတောင်းထားတဲ့ငွေတွေက အဟောသိကံထဲ စာရင်းဝင်သွားမှာဖြစ်သလို အစိုးရအတွက်လည်း ဖိအားဖြစ်လာမှာပါ။
◾ရင်းနှီးမြှုပ်နှံမှုအန္တရာယ်အကြီးဆုံးနိုင်ငံ
အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်ရဲ့ ပါမောက္ခ Aswath Damodaran က ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို လေ့လာပြီး ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ရှိမှု ရာခိုင်နှုန်းအများဆုံး စာရင်းအဆင့်သတ်မှတ်ဖော်ပြရာမှာ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အန္တရာယ်ရှိမှုရာခိုင်နှုန်း ၁၅ ဒသမ ၂ရာခိုင်နှုန်းစီနဲ့ ပူးတွဲရပ်တည်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ရမှတ်တူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေတဲ့နိုင်ငံတွေက ပါကစ္စတန်၊ လိုက်ဘေးရီးယား၊ ယီမင် စတဲ့နိုင်ငံတွေလည်းပါဝင်နေတယ်လို့ သတိပေးခဲ့သလို ဒီသုံးနှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အဆမတန်လျော့ကျသွားတာကိုလည်း သတိပြုရမှာပါ။
တစ်ဖက်မှာ မြန်မာနိုင်ငံက အာဏာပဋိပက္ခဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုအန္တရာယ်အများဆုံးနိုင်ငံထဲပါတယ်လို့ ပြောစရာရှိပေမဲ့လည်း မြန်မာနိုင်ငံထက်အာဏာအငြင်းပွားမှုများပြီး အာဏာအကြိမ် ၂၀ လောက်သိမ်းထားတဲ့ ထိုင်းနိုင်ငံကတော့ ရင်းနှီးမြှုပ်နှံမှု အန္တရာယ်အနည်းဆုံးအဖြစ် အာဆီယံမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး သူ့အထက်မှာ စင်ကာပူနဲ့ မလေးရှားတို့ရှိနေတာပါ။ ထိုင်းနဲ့ မြန်မာအခြေအနေကို ယှဉ်ကြည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုအန္တရာယ်များတဲ့နိုင်ငံဖြစ်ရတာက အာဏာအငြင်းပွားမှုဆိုတာထက် လူတစ်ဦးချင်းအသိဉာဏ်ကွာဟမှုကြောင့်လို့ပြောရမှာပါ။ ဥပမာ မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားချိန်မှာ NLD ထောက်ခံသူတွေဟာ တရုတ်လုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးပြီး အခုအချိန်ထိ တိုက်ခိုက်နေသလို သိက္ခာရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပြန်ထွက်ဖို့ဖိအားပေးတာကြောင့် လုပ်ငန်းတွေ အရှုံးနဲ့ရောင်းချထွက်ရတာ၊ စီးပွားရေးပိတ်ဆို့ဖို့ တစ်ချိန်လုံးအော်နေချိန်မှာ ထိုင်းဘက်ကတော့ အာဏာသိမ်းမှုဖြစ်တိုင်း အစိုးရကိုပဲ ဦးတည်တိုက်ခိုက်ပြီး စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးတာမျိုး လုံး၀မလုပ်တာမြင်ရပါတယ်။ ဒါကြောင့်လည်း တော်လှန်သူအသိဉာဏ်မြင့်တဲ့ထိုင်းနိုင်ငံက မြန်မာနိုင်ငံအထက်မှာ သာသာယာယာတိုးတက်သွားတာဖြစ်ပြီး အသိဉာဏ်နည်းသူတွေစုဝေးနေတဲ့ မြန်မာနိုင်ငံကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်က တက်မလာနိုင်ဖြစ်နေတာပါ။
◾ ပြည်ပအမှိုက်တွေ တင်သွင်းကြလို့ ကမ္ဘာ့အမှိုက်ပုံဖြစ်လာတဲ့ မြန်မာ
ဒီတစ်ပတ်ထဲမှာဆိုရင် AFP သတင်းဌာနက ရေးသားခဲ့တဲ့ “Licence to hide; Western Plastic waste dumped in Myanmar ဆောင်းပါးဟာ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေရဲ့ စွန့်ပစ်အမှိုက်တွေ ရောက်နေတယ်လို့ ရေးသားခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာအမှိုက်ပုံတစ်ခုဖြစ်လာနေတာလားဆိုတာ တွေးစရာဖြစ်လာပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ပလပ်စတစ်အမှိုက်တွေ လိုတာထက်ပိုများနေတာကို သတင်းမီဒီယာတွေက ကွင်းဆင်းချိန်မှာ ပိုလန်ကုမ္ပဏီ Spomlek၊ ဂျာမနီပိုင် ယူကေစူပါမားကတ် Lidl ကနေ ကနေဒါရဲ့ Unico ကုမ္ပဏီက အမှိုက်တွေအထိပါဝင်နေတယ်လို့ ဖော်ပြခဲ့ပြီး ဒီအမှိုက်တွေ ဘယ်ကလာသလဲစုံစမ်းမှုအရ ဥပဒေနဲ့မညီ ပလတ်စတစ်တွေတင်ပို့နေတဲ့ ထိုင်းနိုင်ငံက အဓိကလမ်းကြောင်းတစ်ခုလို့ပြောခဲ့သလို ကုလသမဂ္ဂ Comtrade ရဲ့စာရင်းဇယားတွေအရလည်း မြန်မာနိုင်ငံရဲ့ ပလတ်စတစ်အမှိုက်သရိုက်တင်သွင်းမှု အများစုက ထိုင်းနိုင်ငံကလို့ဆိုထားတာ၊ နောက်ဆုံးရတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာဆိုရင် ပလတ်စတစ်အမှိုက်သရိုက် တန်ချိန် ၇,၅၀၀ နီးပါးမြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တာ၊ မြို့နယ်ဘောလုံးကွင်းကတောင် အမှိုက်ဖုံးနေတာ၊ ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၄၉၀) ခန့်ရှိတဲ့ နှစ်နိုင်ငံနယ်စပ်ထိတွေ့မှုက လူကုန်ကူးသူတွေနဲ့ အမျိုးမျိုးသော မှောင်ခိုကုန်ပစ္စည်းတင်သွင်းသူတွေအဖို့ စိမ့်ဝင်ရတာလွယ်သူလွန်းလှပြီး နှစ်ဖက်အရာရှိတွေကလည်း ရောက်လာတဲ့ အမှိုက်သရိုက်တွေကို အနည်းငယ်သာ စစ်ဆေးကြတယ်လို့ Lighthouse Reports က ပြောခဲ့တာကို ဖော်ပြခဲ့ပါတယ်။
ဒီနေရာမှာ ဒီအမှိုက်တွေကို ဘယ်လမ်းကြောင်းက တင်သွင်းနေသလဲဆိုတာ စနစ်တကျစိစစ်ဖို့လိုအပ်နေပြီဖြစ်သလို ဒီအမှိုက်တွေကို မြန်မာပြည်မှာ လာစွန့်ပစ်ဖို့အတွက် ဘယ်ကုမ္ပဏီတွေက အကျိုးအမြတ်ယူ စီးပွားဖြစ်နေပြီလဲဖော်ထုတ်ဖို့ လိုအပ်နေတာကို တွေ့ရမှာပါ။ ဒီလိုအမှိုက်တွေကို မြန်မာနိုင်ငံအထိ လာပစ်ရခြင်းက သူတို့နိုင်ငံတွေမှာ ဒီအမှိုက်တွေကို သဘာ၀ပတ် ဝန်းကျင်မထိခိုက်အောင် ဖျောက်ဖျက်ဖို့ ကုန်ကျစရိတ်က မြန်မာနိုင်ငံဆီကို ပို့တာထက်များနေလို့ ဒီလိုအမှိုက်တွေကို မြန်မာနိုင်ငံအထိ တင်ပို့နေတဲ့ ဖြစ်စဉ်ကို မြင်ရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အမှိုက်ပုံမဟုတ်သလို ဒီအမှိုက်တွေကို စွန့်ပစ်ရင်း စီးပွားဖြစ်နေတဲ့သူတွေက ဘယ်သူတွေဆိုတာ ဖော်ထုတ်ပြီး အချိန်မီ အရေးယူရမှာပါ။ ဒီလိုမျိုး စိစစ်အရေးမယူနိုင်ဘူးဆိုရင်တော့ လက်တစ်ဆုပ်စာလူတစ်စုက သူတို့အကျိုးစီးပွားအတွက် အမှိုက်တွေလက်ခံရင်း အချိန်တစ်ခုမှာ ဒီဆင်းရဲတဲ့နိုင်ငံလေးက ကမ္ဘာက ဖျက်ဆီးရခက်တဲ့ စွန့်ပစ်အမှိုက်တွေ သူတို့ဆီလွယ်လွယ်လေးသွားပစ်လို့ရတယ်ဆိုတာမျိုး တိုင်းပြည်သိက္ခာထိပါးလာမဲ့အပြင် ဒီအမှိုက်တွေဟာ သဘာ၀ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေဖို့ သေချာလို့ အမှိုက်တွေ တင်သွင်းရင်း စီးပွားရှာနေတဲ့ မသမာသူလူတစ်စုကို အမြန်ဖော်ထုတ်အရေးယူပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။