October 19, 2024

ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (Photo- Asia World)

ပို့ကုန်ရငွေ၏ ကျန်ရာခိုင်နှုန်း ၅၀ အား လွတ်လပ်စွာရောင်းချခွင့်ပြုရန် တောင်းဆိုထားဟု ဆို

၂၁. ၁၀. ၂၀၂၃
Written by Nyein Kyaw

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၅၀ အား ဗဟိုဘဏ်နှုန်းထား တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် ရောင်းချရခြင်းအပြင် ကျန်ရာခိုင်နှုန်း ၅၀ ကိုပါ တစ်ဒေါ်လာ ၂၉၂၀ ဖြင့် ထပ်မံရောင်းချနေရသဖြင့် ပို့ကုန်တင်ပို့မှု လျော့ကျနေသောကြောင့် ကျန်ရာခိုင်နှုန်း ၅၀ အား ပြင်ပတွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုရန် နိုင်ငံတော်သို့ တင်ပြထားကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောသည်။

“ဘယ်လိုလဲဆိုရင် ခွင့်ပြုတယ်လို့တော့ လက်ရှိပြောတာပေါ့။ ၅၀ ရာခိုင်နှုန်းက ၂၁၀၀ နောက်ထပ် ၅၀ ရာခိုင်နှုန်းက Platform ပေါ်တင်ပြီး ရောင်းလို့ရတယ်။ အရင်ထဲက အဲဒီလိုပါပဲ။ ရောင်းလို့ရတယ်ဆိုပေမဲ့ ဈေးနှုန်းက ၃၀၀၀ မကျော်စေနဲ့ဆိုတော့လေ။ ဈေးနှုန်းက အရင်လိုလွတ်လွတ်လပ်လပ်မဟုတ်ဘူး။ အရင်တုန်းကကျ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ Online Platform ကို တင်စရာမလိုဘူး။ ကိုယ်ကြိုက်တဲ့ ကုမ္ပဏီကို ကိုယ့်ဟာကိုယ်ရောင်းလိုက်ရင်ရတယ်။ အခုကတော့ အဲလိုမဟုတ်ဘူး။ အဲဒီကိုတင်ရမယ်။ ဈေးနှုန်းကိုကြည့်မယ်။ ဈေးနှုန်းကလည်း ၃၀၀၀ မကျော်ရဘူးဆိုတော့။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကလည်း ၂၉၂၀ နဲ့ပဲ ရောင်းရမှာ။ ကျွန်တော်တို့ ဒီဘက်ကလိုချင်တာက နောက်ထပ် ၅၀ ရာခိုင်နှုန်းကို လွတ်လွတ်လပ်လပ် ရောင်းချင်တာ။ အရင်တုန်းက ၆၅-၃၅ ရာခိုင်နှုန်းတုန်းက ၆၅ ရာခိုင်နှုန်းကို အစိုးရကိုရောင်းတယ်။ ၃၅ ရာခိုင်နှုန်းကို ကြိုက်တဲ့ကုမ္ပဏီကို ပေါက်ဈေးနဲ့ရောင်းလို့ရတယ်။ အခုက ၅၀-၅၀ သတ်မှတ်ပေမဲ့ ၅၀ ရာခိုင်နှုန်းက ၂၁၀၀ နောက်ထပ် ၅၀ ရာခိုင်နှုန်းက ၂၉၂၀ နဲ့ဆိုတော့ နှစ်ခုလုံး သတ်မှတ်ထားသလိုဖြစ်နေတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

ထို့ပြင် ပြည်တွင်း ဆန်ဈေးနှုန်းမြင့်မားနေခြင်းနှင့် ပို့ကုန်ရငွေအပေါ် သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းထားများအရ ဆန်တင်ပို့မှု ကျဆင်းနေသဖြင့် ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်း ပြင်ဆင်နိုင်ရန် နိုင်ငံတော်အဆင့်အထိ တင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ထုတ်ပြန်ထားပြီး ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၅၀ အား ဗဟိုဘဏ်သတ်‌မှတ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် လဲလှယ်နေရခြင်းအပေါ် ပြန်လည်ဖြေလျှော့ပေးခြင်းနှင့် ငွေလဲလှယ်နှုန်းထားများ ပြင်ဆင်လာနိုင်မည်လောဟု ပို့ကုန်လုပ်ငန်းရှင်များက မျှော်လင့်နေခြင်းဖြစ်သည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လခွဲအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၈ ဒသမ ၀၅၆ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ‌ဒေါ်လာ တစ်ဘီလျံကျော် လျော့ကျနေကာ စက်မှုကုန်ချောနှင့် လယ်ယာထွက်ကုန် တင်ပို့မှုများ အဓိကလျော့ကျနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *