October 19, 2024

တစ်ဦးချင်း တင်သွင်းခွင့်ပြုမည်ဆိုပါက EV တင်သွင်းခွင့် သတ်မှတ်စံနှုန်းများ အနည်းငယ်ပြင်ရမည်ဟု ဆို

၂၁. ၁၀. ၂၀၂၃
Written by Nyein Kyaw

ဘဏ်လမ်းကြောင်းမှ လစာငွေပြန်လွှဲသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပါမစ် ခွင့်ပြုထားသော်လည်း တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများမှတစ်ဆင့် တင်သွင်းခြင်းနှင့် တစ်ဦးချင်းတိုက်ရိုက်တင်သွင်းခြင်းအပေါ် မည်သည့်ပုံစံဖြင့် ခွင့်ပြုသွားမည်ဆိုခြင်းအား တိတိကျကျမသိရှိရသေးကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

“ဥပဒေနဲ့ပြောရင် ဥပဒေထွက်လာပြီ နည်းဥပဒေအတိအကျမရှိတဲ့အတွက်ကို ဘယ်လိုပေးမလဲဆိုတာကတော့ အမျိုးမျိုးပေါ့နော်။ အွန်လိုင်းပေါ်မှာလည်း ကြားပါလိမ့်မယ်။ ဒီလိုပေးနေတဲ့အပေါ်မှာ EV ခွင့်ပြုထားတဲ့ကုမ္ပဏီက ဆက်သွယ်ပြီးပဲ သွင်းရမယ်။ အဲဒီကုမ္ပဏီက မသွင်းရင် သွင်းလို့မရဘူး။ တိုက်ရိုက်သွင်းလို့ရမယ်ဆိုတာလားဆိုတာ အခုက ဒွိဟဖြစ်နေတာပေါ့နော်။ သက်ဆိုင်ရာ ဦးဆောင်ကော်မတီနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ယူထားတဲ့ အဖွဲ့အစည်းက ကြေညာပေးမှပဲ ဘယ်ဟာက အသေးစိတ်ဖြစ်တယ်ဆိုတာကို ပြောလို့ရမယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၂၂) အရ EV ယာဥ်တင်သွင်းသူသည် မြန်မာနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ် (Brand) တစ်ခုစီအတွက် ရောင်းချသည့် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ် သဘောတူစာချုပ် တင်ပြနိုင်ရမည်ဖြစ်သည်။

ထို့ပြင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦး‌ဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး ကော်မတီက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်း တင်သွင်းရခြင်းဖြစ်သည်။ တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဖြစ်သည်။

“လက်ရှိကော်မတီရဲ့ သတ်မှတ်ချက်အရ ကားရဲ့လုံခြုံစိတ်ချမှုတွေ၊ နောက်ပိုင်းကဏ္ဍတွေပေါ် ပြုပြင်တာတွေ ဝန်ဆောင်မှုတွေအတွက်ကို အန္တရာယ်ရှိနိုင်တယ်။ အဲဒီအတွက် Authorise မဖြစ်ရင်တော့ Brand ပေါင်းစုံ ကြုံသလိုသွင်းလို့မရတဲ့အတွက် သွင်းခွင့်မပေးထားဘူး။ လက်ရှိကုမ္ပဏီတွေကိုပေါ့။ ဒါပေမဲ့ တစ်ဦးချင်းကိုတော့ ပေးမလား၊ မပေးလားဆိုတာကိုတော့ May be ပေါ့။ ပေးမယ်ဆိုရင်တော့ နည်းနည်းတော့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေ ပြင်ရလိမ့်မယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

လစာငွေပမာဏ အနည်းဆုံး ဒေါ်လာနှစ်သိန်းနှင့်အထက်ကို ဘဏ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့ထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား အောက်တိုဘာလ ၁၆ ရက်မှစတင်၍ လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ‌အောက်တိုဘာလ ၁၃ ရက်တွင် အသိပေးကြေညာခဲ့သည်။

ယင်းကဲ့သို့ တင်သွင်းခွင့်ပြုရာတွင် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်)- တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ- တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင်တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *