October 19, 2024

MT News

၂၀. ၁၀. ၂၀၂၃

ပုလဲအတွဲ ၃၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက် စိမ်း ၄၀၂၅ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည့် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိပြီး SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ဟုလည်း သိရသည်။

ပြပွဲတွင် ပုလဲအတွဲများကို ယနေ့ အောက်တိုဘာ ၂၀ တွင် စတင်ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၁ နှင့် ၂၂ ရက်များတွင် ရောင်းချပေးသွားမည်ဖြစ်၍ ကျောက်မျက်အတွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ခင်းကျင်းပြသပြီးအောက်တိုဘာ ၂၃ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကာ ကျောက်စိမ်းအတွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 5-6.jpg

ယခုရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်း ၄၀၂၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ပုလဲအတွဲနှင့် ကျောက်မျက်အတွဲတို့ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အုပ်စု(၃)စုခွဲခြားထားပြီး နိုင်ငံခြားငွေ ရရှိရန်အတွက် ကျောက်စိမ်းအတွဲအုပ်စု(အေ)နှင့် (ဘီ)ဖြင့် လည်းကောင်း၊ MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု(စီ)ဖြင့်လည်းကောင်း သတ်မှတ်ထားသည်။

This image has an empty alt attribute; its file name is 6-4.jpg

ကျောက်စိမ်းအတွဲ(၅၀၀)ပါဝင်သည့် အုပ်စု(အေ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များသာမက ပြည်တွင်းရတနာ ကုန်သည်များပါ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ စသည့်နိုင်ငံခြားငွေဖြင့် ပေးချေဝယ်ယူရမည်ဖြစ်သည်။

ကျောက်စိမ်းအတွဲ(၁၇၃၃)တွဲပါဝင်သည့် အုပ်စု(ဘီ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချသည့် ကျောက်စိမ်းအတွဲ (၁၇၉၂)တွဲပါဝင်သည့် အုပ်စု(စီ)ကို ကျပ်ငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *