MT News
Written by Min Mahar
မြေတိုင်းစာရေးတစ်ဦးအား ဒလန်ဟု စွပ်စွဲကာ မြစ်ငယ် PDF နှင့် ဇာမဏီပြောက်ကျားနှစ်ဖွဲ့ပေါင်း သတ်ဖြတ်လိုက်သည်ဟု Myitnge People Defence Force အဖွဲ့နှင့်ဇာမဏီပြောက်ကျားအဖွဲ့တို့က နိုဝင်ဘာ ၁၂ နေ့က ထုတ်ပြန်သည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ အိုင်သာရွာတွင်နေထိုင်သူတစ်ဦးဖြစ်သည့် ဦးခင်မောင်သန်း (ရွှေတောင် မြေတိုင်းစာရေး) အား မြစ်ငယ် PDF နှင့် ဇာမဏီပြောက်ကျားနှစ်ဖွဲ့က မြို့သာနှင့် အောက်ရိုးရွာကြား မြေနီလမ်းမပေါ်တွင် သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
မြေတိုင်းစာရေးဖြစ်သူ ဦးခင်မောင်သန်းအား သေနတ်ဖြင့် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်သည့်အပြင် ”ဒလန်ဖြစ်ကြောင်း”၊ “အပြစ်မဲ့ပြည်သူ ၃၀ ကျော်နှင့် PDF အဖွဲ့များကို လခရထံ သတင်းပို့နေသူဖြစ်ကြောင်း”၊ “မြစ်ငယ် PDF အဖွဲ့ကို စီးနင်းတိုက်ခိုက်ခံရအောင် သတင်းပေးပို့ပြီး ဆုကြေးထုတ်ယူထားသူဖြစ်ကြောင်း” စွပ်စွဲချက်များကိုလည်း ဖော်ပြထားသည်။
မြစ်ငယ် PDF နှင့် ဇာမဏီပြောက်ကျားနှစ်ဖွဲ့ပေါင်း၍ ကျည်ဆယ်ချက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် မြေတိုင်းစာရေးဦးခင်မောင်သန်းမှာ အဆိုပါ PDF နှစ်ဖွဲ့စွပ်စွဲသတ်ဖြတ်သကဲ့သို့ လုပ်ဆောင်နေခြင်း ဟုတ်မဟုတ်ကိုမူ MT News က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
“PDF က ဒလန်စွပ်စွဲပြီး သတ်တယ်ဆိုရင် ဘာတစ်ခုမှ ပြောရဲတာမရှိပါဘူး။ ကျန်ခဲ့တဲ့ မိသားစုကို ပြောတဲ့သူကို ထပ်လာသတ်မှာစိုးလို့ ကြိတ်ခံနေကြရတာပါ”ဟု MT News စုံစမ်းသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။