October 19, 2024

၂၀. ၁၀. ၂၀၂၃

Written by Zaw Moe

KIA အဖွဲ့မှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် နမ့်ကွတ်စခန်းနှင့် လဲလုံစခန်းတို့မှ ဆုတ်ခွာခဲ့ရသဖြင့် စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်း၍ စခန်းများအား အမြန်ဆုံးပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ တပ်မတော်မှ နယ်မြေထိန်းလုံခြုံရေး‌ ဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ(၃)နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှုကြောင့် စစ်ကူစစ်ကြောင်းများ မရောက်မီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအား ပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

This image has an empty alt attribute; its file name is 2-11.jpg

ထိုသို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော်စစ်ကြောင်းများကလည်း KIA တပ်မဟာ (၆) နေရာအား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့ဖြင့် တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတစ်ခုအား KIA တပ်ဖွဲ့ဝင် အလောင်းအချို့နှင့် သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါတွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်းစခန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်အထိ (၈၁) ကြိမ်တိုင် အင်အားအလုံးအရင်းဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ ယနေ့ အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သောင်းကျန်းသူအင်အား များပြားလာသည့်အတွက် စခန်းမှခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရပြီး စစ်ကူစစ်ကြောင်းများဖြင့် ပူးပေါင်းလျက် အဆိုပါစခန်းအား အမြန်ဆုံး ပြန်လည်သိမ်းပိုက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *