October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Nay Moe

ထီးချိုင့်မြို့ဝင်ဆိုင်းဘုတ်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက ဆီးကြိုတိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုနှင့် ဖမ်းဆီးခံရမှုဖြစ်ပွားသည့်အပြင် အမျိုးသမီးငယ်တစ်ဦးပါ ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

ထီးချိုင့်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် အောက်တိုဘာ ၁၉ ရက်ညက ဆိုင်ကယ်များဖြင့် နယ်မြေလုံခြုံရေးလှည့်လည်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံ PDF များက မြို့အဝင်တွင် ချောင်းမြောင်းပစ်ခတ်ရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဥ်များတွင် ရဲတပ်ဖွဲ့ဝင်များမှ ရှစ်ဦးသေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိကာ သေနတ်သုံးလက်သိမ်းယူခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ထိုဖြစ်စဥ်သည် အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က တည်တောကျေးရွာအနီး ထီးချိုင့်-အင်းတော်ကားလမ်း ထီးချိုင့်မြို့ဝင်/ထွက်ဂိတ်၌ လခရ ပူးပေါင်းအဖွဲ့နှင့် KIA/ PDF အင်အား ၃၀ ဦး ခန့်တို့ ထိတွေ့မှုဖြစ်ပွားပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ဖမ်းဆီးခံရသည့်အပြင် လက်နက်ခဲယမ်းများပါလုယက်ခံရခြင်းဖြစ်သည်ဟု ထီးချိုင့်မြို့မှ လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သို့ပြောသည်။

ထို့အတူ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီအချိန် ကသာခရိုင် ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်း တစ်လောင်းနှင့် ကျည်ထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိနေကြောင်းသတင်းအရ တာ၀န်ရှိသူများက ဆေးရုံသို့သွားရောက်စစ်ဆေးခဲ့ရာ မသွန်းရတီ(၂၀)နှစ် အမှတ်(၁)စံပြ ရပ်ကွက်နေသူတွင် လည်ပင်း/ယာဒူး ခေါင်း/ဝဲ-ယာခြေသလုံးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ၊ ယာလက်မောင်းရင်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ပေါင်း ၆ ချက်ဖြင့် သေဆုံးနေပြီး၊ တစ်ရပ်ကွက်တည်းနေ မနိုဇင်(၁၅)နှစ်တွင် ဝဲရင်အုံမှကျည်ဖောက်ဝင်ပြီး နောက်ကျောမှဖောက်ထွက်/ယာပေါင်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်စီ/ဝဲလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ပေါင်း ၄ ချက်(စိုးရိမ်ရ)ရရှိထားကြောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အားစိစစ်ခဲ့ရာ အောက်တိုဘာ ၁၉ ရက် ည ၇နာရီ အချိန် မသွန်းရတီနှင့် ဆိုင်အကူ မနိုဇင်တို့ မြို့မဈေးအနီးရှိ ရွှေရတီ ကုန်စုံဆိုင်၌ရှိနေစဉ် ထီးချိုင့်မြို့ပြင်မှ ပစ်ခတ်သံများ ကြားရသဖြင့် အိမ်ပြန်ရန် ဆိုင်သိမ်းခဲ့ပြီး ည ၈ နာရီ ၁၀ မိနစ်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားသဖြင့် ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် အမှတ်(၁)စံပြ ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအနီးသို့အရောက်တွင် PDF များက ပစ်ခတ်ခဲ့သည့် လက်နက်ငယ်ကျည်ထိမှန်ရာမှ သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်သိရှိသူများပြောပြချက်အရ သိရှိရသည်။

ထိုဖြစ်စဥ်အပေါ် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း လခရများပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သည်ဟု တုံ့ပြန်ထားသော်လည်း အမျိုးသမီးငယ်နှစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့်သာ သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သူ မသွန်းရတီကိုမူ အောက်တိုဘာ ၂၀ ရက် ၃ နာရီတွင် ဆေးရုံမှတစ်ဆင့် သင်္ဂြိုလ်ခဲ့သည်ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *