October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Peya

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ်ဖြစ်သည့် ပုပ္ပားတောင်ကို မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီ မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထိုသို့ သတ်မှတ်ဖွဲ့စည်းနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကာ ကမ္ဘာ့အဆင့် ယူနက်စကိုစာရင်းဝင် ဘူမိဥယျာဉ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်မှန်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဘူမိနေရာတွေက အရင်တည်းက ရှိပြီးသား။ ဒါကိုပဲ ထိန်းသိမ်းလိုက်တာပေါ့။ တချို့ဟာတွေကျတော့ စီမံအုပ်ချုပ်မှုက ဘယ်သူတွေမှန်း မသိဘူး။ အစိုးရ စီမံခန့်ခွဲခွင့်ရှိသော မြေဆိုတော့ ထွေအုပ်ကလိုလို လူလိုလူလူ ဒီလိုလူလူ ရှိတယ်။ လက်ရှိ ဖွဲ့တာတွေက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်တဲ့ နေရာ ၁၅ ခုကို စပြီး ဘူမိဥယျာဉ် လုပ်ကြမယ်ဆိုပြီး စဖွဲ့လိုက်တာ။ ဒီ့ထက်များတာ ရှိသေးတယ်။ တခြားသော ဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက် ရောက်နေတာတွေလည်း ရှိသေးတယ်” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

ဘူမိဥယျာဉ် သတ်မှတ်လိုက်ပါက ထိန်းသိမ်းရန်အတွက် ကန့်သတ်မှုများ ရှိလာမည် ဖြစ်သော်လည်း ခရီးသွားများ စည်ကားလာမည့်အပြင် ဒေသခံများအတွက်လည်း အလုပ်အကိုင် ကောင်းမွန်ပြီး လူမှုစီးပွားဘဝ မြင့်မားလာမည် ဖြစ်ကြောင်းလည်း သိရသည်။

“အမျိုးသားအဆင့် ဥယျာဉ်သတ်မှတ်ဖွဲ့စည်းနိုင်ဖို့ လုပ်ထုံး လုပ်နည်းတွေအရ ဆောင်ရွက်နေတာက မကြာခင်မှာ ထွက်လာတော့မယ်” ဟုလည်း အထက်ပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *