October 19, 2024

၂၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ဟားမားစ် စစ်သွေးကြွအုပ်စုက အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအား ဝင်ရောက်တိုက်ခိုက်စဉ် ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အမေရိကန်နိုင်ငံသား သားအမိကို အောက်တိုဘာ ၂၀ ရက်ညတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမေရိကန်နိုင်ငံသား သားအမိဖြစ်သည့် ဂျူးဒစ်ရာနန်နှင့် သမီးဖြစ်သူဆယ်ကျော်သက်အရွယ်ရှိ နာတာလီတို့ကို ဟားမားစ်တို့က ဂါဇာနယ်စပ်မှမီတာ ၈၀၀ သာဝေးသော Kibbutz Nahal Oz စုပေါင်း လယ်ယာလုပ်ငန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၇ ရက်မှစတင်ခဲ့သော ဟားမားစ်တို့အစ္စရေးနိုင်ငံတောင်ပိုင်းသို့ စိမ့်ဝင်တိုက်ခိုက်မှုများတွင် အစ္စရေးတောင်ပိုင်းရှိ လူ့အဖွဲ့အစည်းများမှ အနည်းဆုံး ဓားစာခံ ၂၀၃ ဥိးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အနက် ယခုအကြိမ်က ဓားစာခံများကို ဟားမားစ်တို့က ပထမဆုံးပြန်လွှတ်ပေးခြင်းလည်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-21_11-19-28.jpg

၎င်းဓားစာခံနှစ်ဦးကို ကြက်ခြေနီအဖွဲ့ထံ ဟားမားစ်တို့က လွှဲပေးခဲ့ပြီး ထိုမှ အစ္စရေးဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ လွှတ်ပေးရခြင်း၏ အကြောင်းရင်းကို အတိအကျမသိရသေးသော်လည်း ဟားမားစ် တို့ကမူ လူသားချင်းစာနာထောက်ထားသည့် အကြောင်းများဖြင့်လွှတ်ပေးခဲ့ခြင်းဟု ပြောခဲ့ကြသည်။

ဟားမားစ်တို့အနေဖြင့် အစ္စရေးတောင်ပိုင်းရှိအရပ်သားများကို စစ်ပွဲကာလအတွင်း ရက်စက်စွာသတ်ဖြတ်ခဲ့မှုများအတွက် ကျဆင်းနေသော ၎င်းတို့အဖွဲ့၏ ပုံရိပ်ကိုပြန်လည်မြှင့်တင်သည့်အနေဖြင့် ဤသို့ ဓားစာခံများကိုပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြပြီး ပြည်သူ့ဆက်ဆံရေးပိုင်းဆိုင်ရာ အကွက်ဆင်မှုတစ်ရပ်အဖြစ် သုံးသပ်ကြသည်။

ဂျူးဒစ်ရာနန်နှင့် သမီး နာတာလီတို့သားအမိက အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုနယ်မှဖြစ်ကာ Kibbutz Nahal Oz တွင် ဂျူးဒစ်ရာနန်၏မိခင်ဖြစ်သူ ၈၅ နှစ်ပြည့်မွေးနေ့ပွဲနှင့် ဂျူးအားလပ်ရက်ရာသီပွဲကျင်းပရန် အစ္စရေးသို့ရောက်ရှိနေကြခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လွတ်မြောက်လာသော ဂျူးဒစ်ရာနန်တို့သားအမိထံ ဖုန်းဆက်အားပေးစကား ပြောခဲ့ကြောင်း သိရသည်။

Ref: The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *