October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Thettant

အိန္ဒိယနိုင်ငံ Port Blair ကျွန်းတွင် အကျဥ်းကျနေသော မြန်မာနိုင်ငံသား ၅၇ ဦးကို သီတဂူဆရာတော်ကြီးက ပြန်လည်ကယ်တင်ကာ အမိနိုင်ငံဆီ ခေါ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

“ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသား ၅၇ ဦးတို့ကို အိန္ဒိယနိုင်ငံ Port Blair ကျွန်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် လွတ်မြောက်နိုင်ခဲ့ပါသည်။ ထိုမြန်မာအကျဉ်းသားများသည် အိန္ဒိယနိုင်ငံတွင် ၂ နှစ်မှ ၁၀ နှစ်ထိ အကျဉ်းကျခံနေရသူများဖြစ်ပြီး ဆရာတော်ကြီးဦးဆောင်သော သီတဂူအဖွဲ့က ခရီးစရိတ်ကျသင့်ငွေအားလုံး လှူဒါန်းကာ ၂ နိုင်ငံ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပြီး လွတ်မြောက်နိုင်ခဲ့ပြီဖြစ်ပါသည်” ဟု သီတဂူဆရာတော်ကြီး၏ တပည့်ဆရာတော်တစ်ဦးဖြစ်သော ဒေါက်တာဘဒ္ဒန္တကောဝိဒသီရိ(သီတဂူစတား)ဆရာတော်က ရေးသားထားသည်။

ထိုသို့ မြန်မာနိုင်ငံသို့ ပြန်ရောက်ရာတွင်လည်း သီတဂူအဖွဲ့က လမ်းစရိတ်နှင့်ညစာထပ်မံလှူဒါန်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တည်းခိုရေးနှင့်ပြန်လည်ပို့ဆောင်ရေးတို့အတွက် ပါဝင်လှူဒါန်းခဲ့သည်။

သီတဂူဆရာတော်ကြီးနှင့်သီတဂူအဖွဲ့သည် ယခုကဲ့သို့ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းသားဦးရေ ၂၀၀၀ ကျော်ခန့်ကို တာဝန်ရှိသူများနှင့်ပူပေါင်း ကယ်တင်ကုသိုလ်ယူခဲ့နိုင်ကြောင်းလည်း သိရသည်။

ပုံစာ။ အိန္ဒိယနိုင်ငံတွင် အကျဥ်းကျခံနေရရာမှ သီတဂူဆရာတော်ကြီးက အမိနိုင်ငံဆီကူညီခေါ်ဆောင်လာခဲ့သော မြန်မာနိုင်ငံသားများမြင်ကွင်း (ဓာတ်ပုံ။ အောင်သန်းဝင်း)

Leave a Reply

Your email address will not be published. Required fields are marked *