October 19, 2024

စက်သုံးဆီဈေးနှုန်း ပြန်ကျခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့တွင် ဆီဆိုင်အချို့ အရောင်းပိတ်ခဲ့သဖြင့် တန်းစီဝယ်ခဲ့ရမှုကို တွေ့ရစဉ်

စက်သုံးဆီများ ပိုမိုတင်သွင်းခဲ့သည့်ကာလမှာပင် ပြည်တွင်းစက်သုံးဆီဈေး ထပ်မံမြင့်တက်မှုကြုံနေရ

၂၀. ၁၀. ၂၀၂၃
Written by Nyein Kyaw

ယခုဘဏ္ဍာနှစ် လေးလကျော်တွင် စက်သုံးဆီတန်ချိန် ၂ ဒသမ ၃ သန်းအထိ တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၇၇၇,၀၀၀ ကျော်ပိုမိုတင်သွင်းထားသော်လည်း ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဈေးကျဆင်းချိန်တွင်လည်း အလွယ်တကူဝယ်ယူ၍ မရခြင်းဖြစ်ပေါ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဩဂုတ်လ ၄ ရက်အထိ ပြည်ပမှ ဒီဇယ်တန်ချိန် ၁,၅၀၉,၅၁၃ တန်နှင့် ဓာတ်ဆီတန်ချိန် ၇၇၉,၄၂၄ တန်ဖြင့် စက်သုံးဆီ စုစုပေါင်းတန်ချိန် ၂,၂၈၈,၉၃၇ တန်အထိ တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၇၇၇,၇၉၇ တန်ချိန် ပိုမိုတင်သွင်းထားကြောင်း မြန်မာ့လယ်ယာကဏ္ဍ ပို့ကုန်၊ သွင်းကုန်နှင့် ရေထွက်ပစ္စည်း တင်ပို့မှုဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ယခင်နှစ်ကာလတူထက် ဒီဇယ်တန်ချိန် ၆၂၂,၀၇၀ တန် (ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်း) ပိုမိုတင်သွင်းခဲ့သော်လည်း တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်ကျမှုတန်ဖိုး ၂၂ ရာခိုင်နှုန်းသာမြင့်တက်ခဲ့သည်။ ထို့အတူ ဓာတ်ဆီတန်ချိန် ၁၅၅,၇၂၇ တန် (ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း) ပိုမိုတင်သွင်းခဲ့သော်လည်း တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၇၄၅ သန်းကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်ကျမှုတန်ဖိုး လေးရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စက်သုံးဆီတန်ချိန် ပိုမိုတင်သွင်းခဲ့ပြီး တင်သွင်းမှုတန်ဖိုးများ ကျဆင်းခဲ့သည့်ကာလဖြစ်သည့် ပြီးခဲ့သည့် ဩဂုတ်အတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်များ ယခင်အမြင့်ဈေးထက် ထပ်မံမြင့်တက်ခဲ့ပြီး ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်း တစ်လီတာ ကျပ် ၂,၅၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခု အောက်တိုဘာလဆန်းပိုင်းတွင် အခြေခံလူတန်းစားများ အဓိကသုံးနေသော ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာချိန်တွင် ဆီဆိုင်အချို့ ဆီဈေးနှုန်းမဖွင့်လှစ်ခြင်း၊ ဆီမရောင်းတော့သဖြင့် ရောင်းပေးသည့်ဆိုင်အချိုမှာပင် တန်းစီဝယ်ယူခဲ့မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

အောက်တိုဘာ ၂၀ ရက် (ယနေ့)တွင် အောက်တိန်း ၉၂ တစ်လီတာ ၂,၀၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၁၅ ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ ၂,၂၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၃၇၀ ကျပ် အထိကျဆင်းသွားကြောင်း ပြည်တွင်းစက်သုံးဆီ အရာင်းဆိုင်များမှ သိရသည်။ ကမ္ဘာ့ရေနံဈေးနှုန်း WTI မှာ ၉၀ ဒသမ ၀၄ ဒေါ်လာရှိပြီး ယခုလဆန်းပိုင်းထက် ခုနစ်ဒေါ်လာမြင့်တက်ခဲ့သည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေစဉ်က ဈေးနှုန်းမြင့်တက်နေမှုသည် ဈေးကစားခြင်းကြောင့် မဟုတ်ဘဲ ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်နေခြင်းကြောင့်သာ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၁၄ ရက်တွင် ဖြေကြားထားသည်။ သို့သော် စက်သုံးဆီတန်ချိန် ပိုမိုတင်သွင်းခဲ့ပြီး တင်သွင်းမှုတန်ဖိုး လျော့ကျခဲ့သည့် အချိန်ကာလအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းက သမရိုးကျဖြစ်စဉ်မဟုတ်ခြင်းပင်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *