October 20, 2024

၂၀. ၁၀. ၂၀၂၃
Written by Nay Aung

အဂတမှုများ၊ တည်ဆဲဥပဒေချိုးဖောက်မှုများဖြင့် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် Freedom of the City ဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အင်္ဂလန်နိုင်ငံ Brighton and Hove မြို့ကောင်စီဝင်များက သတင်းထုတ်ပြန်လိုက်သည်။

Brighton and Hove မြို့ကောင်စီဝင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသောဆု ပြန်ရုပ်သိမ်းရန် သင့်မသင့်ဆိုသောအချက်ကို အောက်တိုဘာ ၁၉ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ မြို့ကောင်စီဝင်အားလုံးက ထောက်ခံပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး Brighton and Hove မြို့ကောင်စီဝင်များသည် ချီးမြှင့်ထားသော ဆုကို ပြန်ရုပ်သိမ်းရန် စီစဉ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အသက် ၇၈နှစ်အရွယ်ရှိဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆုကို ပြီးခဲ့သော ၂၀၁၁ ခုနှစ်တွင်ရရှိခဲ့ပြီးနောက် ၁၂ နှစ်အကြာတွင် ဆုပြန်ရုပ်သိမ်းခံရခြင်းဖြစ်သည်။Brighton and Hove City ကောင်စီ ခေါင်းဆောင်တစ်ဦးဖြစ်သော ဘယ်လာ ဆန်ကီက Brighton and Hove City မြို့ကောင်စီဝင်အားလုံးပါဝင်သော အစည်းအဝေးကျင်းပခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသော ဆုကို ပြန်ရုပ်သိမ်းရန် သင့်မသင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Brighton and Hove City မြို့၏ Freedom of the City ဆုကို ရယူနိုင်ခဲ့သော တစ်ဦးတည်းသောအမျိုးသမီးဖြစ်ကြောင်း သိရသည်။Brighton and Hove City မြို့ကောင်စီဝင်များသည် ၂၀၁၈ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့သည့် ထိုဆုကို ပြန်ရုပ်သိမ်းရန်မဲခွဲဆုံးဖြတ်ခဲ့ဖူးသော်လည်း အတည်ပြုနိုင်ရန် လုံလောက်သော မဲအရေအတွက်မျိုးမရခဲ့ကြောင်း၊ ထိုအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချီးမြှင့်ထားသော ဆုပြန်ရုပ်သိမ်းရန်ကောင်စီဝင်အားလုံး၏ထောက်ခံမဲ သုံးပုံ နှစ်ပုံရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

မြို့ကောင်စီဝင်တစ်ဦးဖြစ်သော Mohammed Asaduzzamanက ” ဘင်္ဂါလီတွေ အကြမ်းဖက်ခံရတာတွေနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ဟာ ထုတ်ဖော်ဝေဖန်ဖို့ ပျက်ကွက်ခဲ့တယ်။ မြို့ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုနဲ့ စိတ်ဓာတ်ပိုင်းက တစ်ခြားစီဖြစ်နေခဲ့တယ်။” ဟုပြောသည်။

Ref; brightonandhovenews

Leave a Reply

Your email address will not be published. Required fields are marked *