October 23, 2024

ဓားပြတိုက်ခံရသည့် ရဲမင်းအောင်ငွေလဲကောင်တာအား နိုဝင်ဘာ ၁၂ ရက်နေ့ညနေ လေးနာရီကျော်အချိန်တွင် တွေ့ရစဉ်

MT News

Written by A Thaung

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်း၊ သိမ်ဖြူစာတိုက်အနီးတွင်ဖွင့်လှစ်ထားသည့် ရဲမင်းအောင် နိုင်ငံခြားငွေလဲကောင်တာသို့ အမည်မသိလက်နက်ကိုင်လူသုံးဦးဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ နေ့ခင်းကြောင်တောင် ဓားပြတိုက်သွားကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက် ယနေ့ညနေ ၄ နာရီခန့်က အဆိုပါငွေလဲကောင်တာရှေ့သို့ ကားနှစ်စီးထိုးရပ်လာပြီးနောက် ကားပေါ်မှ လူသုံးဦးဆင်းလာကာ ငွေလဲကောင်တာတွင်ရှိသည့် ငွေနှင့် ဒေါ်လာများ တောင်းယူဓားပြတိုက်သွားခြင်းဖြစ်ကြောင်း အဆိုပါလမ်းတွင်နေထိုင်သူတစ်ဦးက MT News သို့ပြောသည်။

“သေနတ်သံနှစ်ချက်ကြားလို့ ထွက်မကြည့်ရဲဘူး။ ခဏနေတော့ လှမ်းကြည့်လိုက်တာ လူတွေစုစု၊ စုစုတွေ့တယ်။ အောက်ဆင်းပြီးမေးကြည့်လိုက်တော့ ဓားပြတိုက်သွားတာလို့ပြောတယ်။ အဲဒီနားကမီးပွိုင့်မှာ ကားကပွိုင့်မိနေသေးတယ်။ မဖမ်းရဲကြဘူး။ လက်ထဲမှာသေနတ်တွေနဲ့ဆိုတော့” ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရဲမင်းအောင် နိုင်ငံခြားငွေလဲကောင်တာသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ရာ လက်ခံဖြေကြားခြင်းမရှိပေ။

သို့သော် အဆိုပါလမ်းတွင်နေထိုင်သူများထံ MT News ၏ စုံစမ်းချက်အရ ငွေကျပ် သိန်း ၅၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာအချို့ ဓားပြတိုက်ခံခဲ့ရကြောင်း ကနဦးစုံစမ်းမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *