၁၉.၁၀.၂၀၂၃
Written by KL
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီးရှိ ကျောက်လုပ်ကွက်တစ်ခုတွင် အောက်တိုဘာ ၁၈ ရက် ညပိုင်းက မြေစာပြိုကျသဖြင့် ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁၈ရက် ည ၉ နာရီကျော်က ရေမဆေးကျောက် ရှာဖွေသူ ၃ ဦးက ပေ ၇၀ ခန့်မြင့်သော ခေါင်းပေါင်းမြေစာများကို ဘက်ဟိုးဖြင့် လျှော့ချရာမှ မြေစာများပြိုကျခဲ့ပြီး လူသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူမှာ အသက် ၃၀ ခန့်အရွယ် အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားနှစ်ဦးကို ဆေးခန်းသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မြေစာပြိုကျမှုများ မကြာခဏဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှူများ ဖြစ်ပေါ်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်က ဖားကန့်ဒေသ ဝေခါမှော်ကျောက်စိမ်းလုပ်ကွက်တွင် မြေပြိုကျမှုကြောင့် လူ ၁၉၀ ကျော်သေဆုံးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မင်လင်ချောင်ရွာ ပုဂ္ဂလိကကျောက်စိမ်းလုပ်ကွက်နှစ်ခုတွင် မြေစာပြိုကျရာမှကုမ္ပဏီ ဝန်ထမ်းနှင့် ရေမဆေးကျောက်ရှာသူ ၈၀ ခန့်သေဆုံးခဲ့သည်။
ယခုနှစ် သြဂုတ် ၁၃ ရက်ကလည်း ဖားကန့်မြို့၊ မနမှော် ကျောက်စိမ်းလုပ်ကွက်တွင် မြေစာပြိုကျရာမှ တစ်ပိုင်တစ်နိုင် ရေမဆေးကျောက်ရှာဖွေသူနှင့် ရွှေမျောလုပ်ကိုင်သူ ၃ဝ ကျော်သေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။
Photo- Credit