၁၉. ၁၀. ၂၀၂၃
Written by Nay Moe
ဒလန်ဟုစွပ်စွဲကာ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦးကို သတ်ဖြတ်လိုက်မှုအပါအဝင် လူလေးဦးသတ်ဖြတ်ခံရမှု တစ်နေ့တာအတွင်း ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်ထားသည်။
ထိုဖြစ်စဥ်များမှာ အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မတ္တရာမြို့နယ်၊ ဆည်တော်လေးကျေးရွာနေ ဒေါ်တင်လှ(၆၀)နှစ်သည် သမီးဖြစ်သူ မတင်ဇာမိုးနှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး “ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်တင်လှတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
အလားတူ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မြဝတီမြို့နယ်၊ အမှတ်(၄) ရပ်ကွက်ရှိ မြဝတီခရိုင်ပြည်သူ့ဆေးရုံဝန်ထမ်းဦးစိုးမင်းအောင်(ခ)ကိုစိုး(၃၁)နှစ်သည် ဆေးရုံဝင်ပေါက်ရှိ လူနာများ နားနေဆောင် သစ်ပင်အောက်အုတ်ခုံပေါ်၌ ထိုင်နေစဉ် အကြမ်းဖက်အမျိုးသားတစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးမင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
ထို့အတူ ည ၈ နာရီ ၁၅ မိနစ်တွင် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီး အနောက်ကျေးရွာနေ ဦးမြင့်ဇော်(၄၂)နှစ် နေအိမ်၌ ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဥ်များအပြင် ည ၈ နာရီ ၅၀ တွင် မင်းလှမြို့နယ်၊ ကျွဲမကိုင်းရွာနေ ဦးခင်မောင်မြင့်(၆၀)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDFအဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အောက်တိုဘာ ၁၇ ရက် တစ်နေ့တာအတွင်း လေးဦးသတ်ဖြတ်ခံရသည်ဟု သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် အောက်တိုဘာလဆန်းအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြ-တ်မှုခံထားရသည်။