၁၉. ၁၀. ၂၀၂၃
Written by Nyein Kyaw
မြန်မာ-ရုရှားနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တိုးမြှင့်ရန် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများနှင့် စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်သွားနိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။