၁၉. ၁၀. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ပုလဲလမ်းတွင် ယနေ့ အောက်တိုဘာ ၁၉ ရက် ညပိုင်းက ဘောက်စ်ယာဥ်နှင့်ကွန်တိန်နာယာဥ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အင်းစိန်ဘက်မှ ရွှေပြည်သာဘက်သို့ မောင်းနှင်လာသော ဘောက်စ်အဖြူရောင်ယာဥ်မှာ ရွှေပြည်သာဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသော ၁၀ ဘီး ကွန်တိန်နာယာဥ်၏ ရှေ့ခေါင်းခန်းကို တိုက်မိခဲ့ရာ ဘောက်စ်ယာဥ်ပေါ်မှ အသက် ၂၅ နှစ်မှ ၃၁ နှစ်အရွယ်ကြားရှိ အမျိုးသား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ယာဥ်တိုက်မှု ဖြစ်စဥ်မှာ ဘောက်စ်ကားပေါ်က အမျိုးသားသုံးယောက်ထဲက ယာဥ်မောင်း ကားခေါင်းခန်းမှာညပ်နေလို့ မိနစ် ၂၀ ကြာ ကယ်ထုတ်ခဲ့ရတယ်။ယာဥ်မောင်းက ညာမျက်လုံးပေါက်ပြဲသွားသလို ညာဘက်ခြေသလုံးနဲ့ညာဘက်ပေါင်လည်း ဖူးယောင်သွားတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးကပြောသည်။
ကားခေါင်းခန်းတွင်ညပ်နေသူ အသက် ၃၁ နှစ် အရွယ် ယာဥ်မောင်းအမျိုးသားကို ပြန်လည်ရှင်သန်ရေး ပရဟိတအသင်း သူနာတင်ယာဥ်ဖြင့် အင်းစိန်ဆေးရုံသိူ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။