September 21, 2024

MT News

၂၀. ၁၀. ၂၀၂၃

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတား​ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါး(Happy Water) သယ်ဆောင်ရောင်းဝယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် ထွန်းမြတ်သူ(ခ) မောင်စံ အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၂ နာရီအချိန် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင် အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၄ ကီလိုနှင့်လည်းကောင်း၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါ အား ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် စိတ်ပြောင်းဆေးဝါး(Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ ပြားနှင့် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် နေလ၀င်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်(ခ) အိုက်ပီးတို့ ၂ ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ပြား၊ TOYOTA CROWN မော်တော်ယာဉ် ၁ စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (Happy Water) ၃၈ ဒသမ ၈၂ ကီလို၊ အက်တက်စီဆေးပြား ၅၀၀၀ ပြားနှင့် ကဖင်းဆေးပြား ၂၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *