September 21, 2024

၂၀. ၁၀. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) အနေဖြင့် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လက်ရှိတွင် ယာဉ်အစီးရေများ ထပ်မံတိုးချဲ့သွားမည်မဟုတ်ကြောင်း ယနေ့ ပြုလုပ်သည့် YUPT ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအခမ်းအနားမှ သိရသည်။

“ယာဉ်အစီးရေကတော့ လက်တလောအနေနဲ့က ထပ်ဖြည့်စရာအကြောင်းမရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိနိုင်ငံတော်ကလည်း လျှပ်စစ်ကားများကိုလည်း ပြေးဆွဲရေးကို နိုင်ငံတော်အစိုးရကိုယ်တိုင်က ချမှတ်တဲ့အတွက်ကြောင့်မို့ YUPT ကုမ္ပဏီအနေနဲ့လည်း နောက်ပိုင်းတွေမှာ လျှပ်စစ်ကားပြေးဆွဲနိုင်အတွက်ကိုပဲ ကြိုးပမ်းဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လောလောဆယ် ယာဉ်အစီးရေကတော့ ထပ်တိုးစရာအကြောင်းမရှိသေးပါဘူး” ဟု YUPT ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) စုစုပေါင်းအစုရှယ်ယာတန်ဖိုး ကျပ် ၃၆ ဒသမ ၇၇၄ ဘီလျံရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစုရှယ်ယာတန်ဖိုးသည် ကျပ် ၃၄ ဘီလျံကျော်ဖြင့် ၉၂ ရာခိုင်နှုန်းကျော်အထိ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

YUPT ၏ ထပ်မံတိုးချဲ့မည့် လုပ်ငန်းစဉ်ဖြစ်သော လျှပ်စစ်ဘတ်စ်ကားများ တိုးချဲ့ပြေးဆွဲခြင်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကားများဖြင့် မည်သည့်အချိန်တွင် တိုးချဲ့ပြေးဆွဲနိုင်မည်ကို လက်တလောတွင် မသိရှိရသေးကြောင်း သိရသည်။

“လျှပ်စစ်ဘတ်စ်ကားပြေးဆွဲရေးနဲ့ ပတ်သက်လို့ကတော့ YUPT ကုမ္ပဏီအနေနဲ့က အဓိကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစုရှယ်ယာအများဆုံးပါဝင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစုရှယ်ယာ ၃၄ ဘီလျံရှိတဲ့အတွက်ကြောင့်မို့ ရာခိုင်နှုန်းအားဖြင့် ၉၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒါကြောင့်မို့ လောလောဆယ်ကတော့ လျှပ်စစ်ဘတ်စ်ကားပြေးဆွဲရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အရဲ့ ညွှန်ကြားချက်အတိုင်းပဲ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု YUPT ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

YUPT ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုခံယူထားသည့် YBS ကုမ္ပဏီ ၂၂ ခု၊ ယာဉ်လိုင်းပေါင်း ၁၂၉ လိုင်းများအနက်မှ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယာဉ်လိုင်းပေါင်း ၂၅ လိုင်းနှင့် ယာဉ်အစီးရေ ၆၉၉ စီးတို့ဖြင့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *