September 21, 2024

MT News
၂၀. ၁၀. ၂၀၂၃

ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ကို ပြည်သူများအန္တရာယ်ကင်းစွာသွားလာနိုင်ရန် အရှည် ၄၆၁ ပေရှိ မြေအောက်ဥမင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်မည့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်း ကူးလူသွားဥမင် တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်ဟု သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-20_13-09-51-1024x572.jpg

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်(Underpass) တည်ဆောက်ရခြင်းမှာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် သက်သောင့်သက် သာ ဖြတ်သန်းသွားလာနိုင်ရန်အပြင် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုရွှေတိဂုံမြေအောက်ဥမင်သည် လူသွားလမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် ၄ ခု၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီး ၂ စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လ ခန့်ကြာမြင့်မည် ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-20_13-09-54-1024x570.jpg

ရန်ကုန်မြို့၏ ခေတ်မီမြေအောက်ဥမင်ကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးလေ့ကျင့်ရေးကျောင်း၊ ကမာရွတ်(TTC)၊Junction square၊ Time City အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီများစွာ တည်ရှိသည့်​နေရာတွင် ကျပ် ၂ ဒသမ ၂ ဘီလျံဝန်းကျင် အကုန်အကျခံတည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လူကူးဥမင်သည် အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မရှိပြီး အလျား ၄၂၇ ပေ၊ ဝင်/ထွက်ပေါက် ၄ ခု ပါဝင်ကာ လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်သည့်အထိကျယ်ဝန်းသည်။ ထို့ပြင် စက်လှေကား၊ ဓာတ်လှေကားနှင့် ဆိုင်ခန်း ၁၈ ခန်း ပါဝင်တည်ဆောက်ထားပြီး မသန်စွမ်းသူများ သွားလာနိုင်ရန်ပါ စီမံပေးထားကာ အဆိုပါဥမင်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံမြေငလျင်အသင်းတို့ ပါဝင်တည်ဆောက်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *