September 21, 2024

၂၀. ၁၀. ၂၀၂၃
Written By Thandar

ရုပ်ရှင်အပေါ် စိတ်ဝင်စားမှုရှိပြီး တန်ဖိုးထားတတ်လာစေဖို့ ရည်ရွယ်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲ ၂၀၂၃ အတွက် ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်လို့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီရဲ့ ပြန်ကြားရေးမှုး ဦးချမ်းသာကြည်စိုးက MTNews Entertainment ကို ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မျိုးဆက်သစ် ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေအတွက် အားပေးမြှင့်တင်ဖို့ရယ်၊ ရုပ်ရှင်အပေါ် စိတ်ဝင်စားမှုရှိပြီး တန်ဖိုးထားတတ်လာစေဖို့ ရည်ရွယ်ပြီး ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲ ၂၀၂၃ ကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းတို ဖန်တီးရိုက်ကူးသူတွေအနေနဲ့ ထုတ်လုပ်သူ / ဒါရိုက်တာတွေက အသက် ၂၀ နှစ်ကနေ ၄၀ နှစ်အတွင်း ဖြစ်ရမယ်။ ဒီ ဇာတ်လမ်းတိုမှာ အသုံးပြုတဲ့ နောက်ခံတေးဂီတ၊ သီချင်းတွေက copy right ငြိစွန်းတာမျိုး မရှိရပါဘူး”လို့ ဦးချမ်းသာ ကြည်စိုးက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတို ပြိုင်ပွဲခေါင်းစဉ်အနေနဲ့ မြန်မာ့ရိုးရာဓလေ့ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လူ့ဘဝပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတဲ့ မြန်မာ့ရိုးရာဓလေ့ကို မီးမောင်းထိုး တင်ဆက်ရိုက်ကူးပြိုင်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုကို ရိုက်ကူးချိန်ပေါ်မူတည်ပြီးတော့ အမျိုးအစား၂ မျိုးလုံးကို လက်ခံထားသလို ဆုချီးမြှင့်ပေးသွားမယ်လို့ဆိုပါတယ်။

ဆုအမျိုးအစားအနေနဲ့ (က) ” မြန်မာ့ရိုးရာဓလေ့” ၅ မိနစ်အောက် ဇာတ်လမ်းတိုရုပ်ရှင်ကို Jury Award ဆု ၊ Audience Award ဆု ၊ Chairman’s Choice ဆုလို့ သတ်မှတ်ပေးအပ်မှာဖြစ်ပါတယ်။ ဒါ့ပြင် “ မြန်မာ့ရိုးရာဓ လေ့” ၅ မိနစ်နဲ့၂၅ မိနစ်အတွင်း ဇာတ်လမ်းတိုရုပ်ရှင်ကိုတော့ Jury Award ပထမဆု ၊ Jury Award ဒုတိယဆု ၊ Jury Award တတိယဆု ၊ Audience Award ဆု ၊ chairman’s Choice ဆုတွေလို့ သတ်မှတ်ပေးအပ်မှာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းတွေရဲ့ အရည်အသွေးသတ်မှတ်ချက်အနေနဲ့ ရုပ်/သံ အရည်အသွေးစံသတ်မှတ်ချက် Full HD; H-264 MP4, Stero 2CH ပေးအပ်ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်ဖို့ လျှောက်ထားတင်သွင်းထားသူက ရုပ်ရှင်ဇာတ်လမ်းတိုတွေကို ပြန်လည် ရုပ်သိမ်းခွင့်မရှိဘူးလို့လည်း သိရပါတယ်။ ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲ ၂၀၂၃ ဆုကြေးငွေကိုလည်း ထိုက်တန်စွာချီးမြှင့်ပေးသွားမှာဖြစ်ပြီး Top Ten ဝင်ထားတဲ့ ဇာတ်လမ်းတို ၁၀ ကား ဖန်တီးသူတို့ကို အသိအမှတ်ပြုဂုဏ်ပြုလွှာ ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် ဆုရဇာတ်လမ်းတိုတွေ နဲ့ Top 10 ဝင် ဇာတ်လမ်းတိုတွေကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကိုပေးပို့ ပြသသွားမယ်လို့ဆိုပါတယ်။

ဒီပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတို ဖန်တီးထုတ်လုပ်သူတွေက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီထံမှာ ပြိုင်ပွဲဝင် လျှောက်လွှာရယူဖြည့်ပြီး လျှောက်လွှာနဲ့အတူ ပြိုင်ပွဲဝင်လက်ရာ ဇာတ်လမ်းတိုတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဗဟန်းမြို့နယ် ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို Memory Stick ပေးပို့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ Email- mmpo.myanmar @gmail.com ကို Drive Link ပေးပို့ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *