September 20, 2024

◼️ အမေရိကန်နှင့် အနောက်နိုင်ငံများ စံနှစ်မျိုးထားကျင့်သုံးကာ သူတော်ကောင်းယောင်ဆောင်နေ

၂၀. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ဟားမားစ် စစ်သွေးကြွအုပ်စု၏ အဆင့်မြင့်စစ်ဘက်ရေးရာခေါင်းဆောင်တစ်ဦးဖြစ်သော ဂျီဟတ် မီဆန်မှာ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ၎င်း၏နေအိမ်၌ မိသားစုဝင်များနှင့်အတူ သေဆုံးခဲ့ကြောင်း ဟားမားစ်တို့နှင့် အဆက်အသွယ်ရှိသည့် Jerusalem News သတင်းဌာနက အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Jerusalem News က X လူမှုကွန်ရက်တွင် ဂါဇာကမ်းမြောင်ဒေသအတွင်း ပါလက်စတိုင်း အမျိုးသား လုံခြုံရေးတပ်ဖွဲ့၏တပ်မှူးဖြစ်သော ဗိုလ်မှူးချုပ်ဂျီဟတ် မီဆန် မှာ ဂါဇာမြို့အနီး ရှိတ်ရတ်ဝန်ရပ်ကွက်ရှိ ၎င်း၏အိမ်အတွင်း၌ မိသားစုဝင်များနှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၉ ရက်တွင် ၁၃ ရက်မြောက်ခဲ့ပြီဖြစ်သော အစ္စရေး-ဟားမားစ် စစ်ပွဲကာလအတွင်း ဂါဇာကမ်းမြောင် ဒေသတွင် နေထိုင်သူဦးရေ၏ ထက်ဝက်နီးပါးခန့်ဖြစ်သော ပါလက်စတိုင်းတစ်သန်းကျော်မှာ ၎င်းတို့၏အိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။ ထိုကာလအတွင်း ဂါဇာဒေသအတွင်း သေဆုံးသူ ၃,၄၇၈ ဦးနှင့် ဒဏ်ရာရသူဦးရေ ၁၂,၀၆၅ ဦးရှိလာပြီဖြစ်သည်။ အနောက်ဘက်ကမ်းဒေသအတွင်းတွင်လည်း သေဆုံးသူ ၆၉ ဦးနှင့် ဒဏ်ရာရသူဦးရေ ၁,၃၀၀ ဦးခန့်ရှိခဲ့သည်။

အစ္စရေးနိုင်ငံအတွင်းတွင်လည်း သေဆုံးသူ အနည်းဆုံး ၁,၄၀၀ ဦးနှင့် ဒဏ်ရာရသူ အနည်းဆုံး ၃,၈၀၀ ဦး ရှိပြီဟု တရားဝင်ကြေညာချက်များအရသိရရာ စစ်ပွဲကာလအတွင်း နှစ်ဖက်စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၅,၀၀၀ ဦးခန့်ရှိသွားပြီဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့ကလည်း စစ်ပွဲအတွင်း အစ္စရေးနိုင်ငံသို့ လက်နက်ခဲယမ်းများထောက်ပံ့မှုပြုနေကာ ဂါဇာကမ်းမြောင်အတွင်း အစ္စရေး၏အရပ်သားများအပေါ် လေ‌ကြောင်းတိုက်ခိုက်နေမှုအား ပြစ်တင်ရှုတ်ချမှုမပြုကြသည့် အမေရိကန်နှင့်၎င်း၏ဥရောပမဟာမိတ်နိုင်ငံများအား ပြစ်တင်ပြောကြားလိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး တွမ်ပေါတီယပ်စ် က ယူကရိန်းစစ်ပွဲတွင် အမေရိကန်နှင့် ဥရောပမဟာမိတ်နိုင်ငံများက ရုရှားအစိုးရအား စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းဟု ရှုတ်ချမှုပြုခဲ့ကြကြောင်း၊ သို့သော် ၎င်းတို့က အစ္စရေး- ဟားမားစ်စစ်ပွဲ၌ ဂါဇာဒေသကို အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေခြင်းတွင်မူ အသံတိတ်နေကြကြောင်း၊ အမေရိကန်နှင့် ၎င်း၏မဟာမိတ် အနောက်နိုင်ငံများအနေဖြင့် မိမိကြိုက်နှစ်သက်သည့်နိုင်ငံတွင် စံတစ်မျိုး၊ မိမိမနှစ်သက်သည့်နိုင်ငံတွင် စံတစ်မျိုးထား၍ကျင့်သုံးကာ သူတော်ကောင်းယောင်ဆောင်နေကြခြင်းက ပြောင်ပြောင်တင်းတင်း နိုင်လှပြီး သိသာမြင်သာလှကြောင်း ပြောကြားသွားခဲ့သည်။

အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးရသူများ၏ ၇၀ ရာခိုင်နှုန်းမှာ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

Ref——Al Jazeera, Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *