၁၉. ၁၀. ၂၀၂၃
Writing By Treasure
၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲနဲ့ ၂၀၂၇ အာရှဖလားခြေစစ်ပွဲ ပါလက်စတိုင်းအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို အယ်လ်ဂျီးရီးယားထံ ပြောင်းရွေ့ကျင်းပသွားမယ်လို့ အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာ ပါလက်စတိုင်းလက်ရွေးစင်အသင်းအနေနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာဖြစ်ပွားနေတဲ့ ဟားမားစ်အဖွဲ့နဲ့ အစ္စရေးနိုင်ငံတို့အကြား တိုက်ပွဲတွေကြောင့် သူတို့ လက်ခံယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဥ်တွေကို သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ Faisal Al-Husseini နိုင်ငံတကာ အားကစားကွင်းမှာ ကျင်းပတော့မှာမဟုတ်ဘဲ အယ်လ်ဂျီးရီးယားနိုင်ငံမှာ ပြောင်းလဲကျင်းပဖို့ စီစဉ်ခဲ့သလို အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း သဘောတူခဲ့တာကြောင့် အခုလိုပြောင်းလဲကျင်းပတော့မှာ ဖြစ်ပါတယ်။
အယ်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ကတော့ ပါလက်စတိုင်းအသင်း ယှဉ်ပြိုင်ကစားရမယ့် အိမ်ကွင်းပွဲစဉ်တွေကို အယ်လ်ဂျီးရီးယားနိုင်ငံမှာ ကျင်းပပေးသွားမှာဖြစ်သလို အိမ်ကွင်းပွဲစဉ်ရဲ့ကုန်ကျစရိတ်ကိုလည်း ကျခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပါလက်စတိုင်းအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲစဉ်တွေကို ဒုတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ကစားခွင့်ရပြီး ဒုတိယအဆင့်ခြေစစ်ပွဲရဲ့ အုပ်စု(I)မှာ ဩစတြေးလျအသင်း၊ လက်ဘနွန်အသင်း၊ ဘင်္ဂလားဒေ့ရှ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်တွေအဖြစ် ပါလက်စတိုင်းအသင်းဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ လက်ဘနွန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်သလို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဩစတြေးလျအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီးတော့ ၂၀၂၄ မတ်လ ၂၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။