၁၄. ၁၀. ၂၀၂၃
Written by Ye Kyaw
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၄၃၁၆ ဒသမ ၈၉ သန်း (၄ ဒသမ ၃ ဘီလျံကျော်)ရရှိခဲ့ပြီး ယခင်နှစ်ထက် ပို့ကုန်တန်ဖိုးတိုးတက်လာခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အောက်တိုဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အထည်ချုပ်တင်ပို့မှုအခြေအနေသည် ပထမသုံးပတ်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်၊ ဒုတိယသုံးလပတ်တွင် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်၊ တတိယသုံးလပတ်တွင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်နှင့် စတုတ္ထသုံးလပတ်တွင် ဒေါ်လာတစ်ဘီလျံကျော်ဖြင့် အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၅ ဒသမ ၃၈၈ ဘီလျံ ရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ဘဏ္ဍာနှစ်သတ်မှတ်ချက်ကာလ မပြောင်းလဲမီ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်ကြားကာလ (Mini Budget) ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွင်း ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ၂ ဒသမ ၂၂၉ ဘီလျံရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်အထိ တင်ပို့မှုပမာဏ ဒေါ်လာသန်း ၃၄၀ ခန့်သာရှိခဲ့သည့် မြန်မာ့အထည်ချုပ်ကဏ္ဍသည် ၂၀၁၄ ခုနှစ်မှစတင်၍ စတင်ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ အထည်ချုပ်တင်ပို့မှုသည် ၂၀၁၀ ပြည့်နှစ်ထက် သုံးဆအထိမြင့်တက်လာခဲ့၍ ဒေါ်လာတစ်ဘီလျံနီးပါးအထိ စတင်ရောက်ရှိလာခဲ့သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းသည် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယားတို့အပြင် အီးယူ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)အထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်ကာ လူ့အခွင့်ရေးဆိုင်ရာကိစ္စရပ်များအပြင် ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါများကြောင့် ၂၀၂၀ နှစ်အစပိုင်းမှစတင်၍ တင်ပို့မှုပြန်လည်ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အီးယူနိုင်ငံများဖြစ်သည့် ဂျာမနီ၊ ယူကေ၊ စပိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ အီတလီ၊ နယ်သာလန် စသည့်နိုင်ငံများသို့ အထည်ချုပ်တင်ပို့မှုသည် ဒေါ်လာ ၂ ဒသမ ၃ ဘီလျံအထိရှိခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံအထိရှိလာခဲ့ပြီး အသင်းဝင် နိုင်ငံခြားသားပိုင်စက်ရုံ ၈၀ ရာခိုင်နှုန်းရှိကြောင်းနှင့် ယင်းအနက် တရုတ်အထည်ချုပ်စက်ရုံ ၅၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။