၁၄. ၁၀. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့သည် နိုင်ငံအတွင်းတရားမဝင် နေထိုင်နေသူများကို ဖြိုခွင်းလျက်ရှိနေရာအောက်တိုဘာ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသား ၆၂ ဦးအပါအဝင် အခြားနိုင်ငံသား ၁၉၅ ဦးကို လူဝင်မှု ကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း သိရသည်။
ဂျိုဟိုးမြို့ အာဏာပိုင်များသည် အောက်တိုဘာ ၁၃ရက်နေ့က Gelang Hill အရပ်ဒေသရှိ တရားမဝင်နေထိုင်နေသူများရှိနေသည့် နေရာနှစ်ခုကို စီးနင်းခဲ့ချိန်တွင် တရားမဝင်နေထိုင်နေသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်တိန်နာ ၁၅ လုံးတွင် အခန်းဖွဲ့ကာနေထိုင်နေသည့် နိုင်ငံခြားသားများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ကွန်တိန်နာများတွင်အခန်းဖွဲ့ကာ နေထိုင်နေသူများကို စီးနင်းချိန်အတွင်း ထွက်ပြေးသူများရှိနေပြီး လိုက်လံဖမ်းဆီးခဲ့ရကြောင်း၊ စီးနင်းချိန်အတွင်း ကုလသမဂ္ဂ ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသူများလည်း ပါဝင်ခဲ့ပြီး အ ချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ဂျိုဟိုးမြို့ လူဝင်မှု ကြီးကြပ်ရေး ဌာန ညွန်ကြားရေးမှူး Baharuddin ကပြောသည်။
၎င်းက “ကျွန်တော်တို့ဟာ စီးနင်းချိန်အတွင်းမှာ လူပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ မလေးရှားနိုင်ငံသားတွေနဲ့ ပြည်ပနိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့တယ်။ အဲဒီသူတွေကို စုံစမ်းစစ်ဆေးပြီးချိန်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုအတွက် လူပေါင်း ၁၉၅ ဦးကို ထပ်မံ ဖမ်းဆီးခဲ့တယ်။ အဲဒီသူတွေထဲမှာ မြန်မာနိုင်ငံသား ၆၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦး၊ အိန္ဒိယနိုင်ငံသား ၂၈ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၆ ဦးတို့ ပါဝင်ခဲ့တယ်” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို ၁၉၅၃/၆၃ ခုနှစ် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ဂျိုဟိုးမြို့ လူဝင်မှု ကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးက ပြောသည်။ မလေးရှားရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ သည် နိုင်ငံအတွင်းတရားမဝင်နေထိုင်နေသူများကို ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများကို ပြီးခဲ့သောလများအတွင်း စတင်အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသားများ မကြာခဏ ဖမ်းဆီးခံနေရကြောင်း သိရသည်။
Ref; malaysiadialy