၁၄. ၁၀. ၂၀၂၃
Written by Thettant
အစ္စလာမ္မစ်အစွန်းရောက် ဟားမားစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်ဖြစ်နေသော အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဥ်စေလွှတ်ကယ်တင်ရန် SAC အစိုးရက စီစဥ်နေသည်။
လက်ရှိဖြစ်ပွားနေသော အစ္စရေးနိုင်ငံအတွင်း စစ်ပွဲအခြေအနေများအရ ဂါဇာကမ်းမြှောင်ဒေသနှင့် နီးစပ်ရာ အစ္စရေးနိုင်ငံတောင်ပိုင်းဒေသများ၊ တဲလ်အဗီးမြို့ ပတ်ဝန်းကျင်ဒေသများအပြင် အစ္စရေးနိုင်ငံ၏ မြောက်ပိုင်းနယ်စပ်ဒေသများတွင် စစ်ရှိန်မြင့်လာပြီး တိုက်ခိုက်မှုများ ပိုမိုလာနိုင်သောကြောင့် အစ္စရေးရောက် မြန်မာနိုင်ငံသားများအတွက် များစွာ စိုးရိမ်ပူပန်ရပါသဖြင့် စိုက်ပျိုးရေးသင်တန်းကျောင်းများ/ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများနှင့် အန္တရာယ်ရှိသော နေရာများတွင် နေထိုင်ကြသူများအနေဖြင့် ဘေးကင်းလုံခြုံရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်နှင့် အစ္စရေးနိုင်ငံ Home Front Command ၏ မစ်ဆိုင်းလ် အချက်ပေးသံများ၊ လိုက်နာရမည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာနေထိုင် ဆောင်ရွက်သွားကြပါရန် အထူးအရေးကြီးသည့် အခြေအနေဖြစ်နေကြောင်းလည်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးသည်။
ထို့အပြင် အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲ ကြုံတွေ့ရခြင်း၊ ဘေးဒုက္ခရောက်နေခြင်းများ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက် ကယ်ဆယ်ရေးလေယာဉ် စေလွှတ် ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် မြန်မာသံရုံး၏ ရုံးဖုန်း- (၉၇၂) (၃) ၅၁၇ဝ၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ နှင့် Hot line – ၀၅၈ ၇၈၉၉၁၇၇, ဝ၅၈ ၄ဝ၈၁၃၄၇ တို့ကို ဆက်သွယ်ရမည်ဖြစ်သည်။
မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ် ဆောင်ရွက်ပေးရာ၌ စာရင်းပေးသွင်းထားသည့် လူဦးရေအနည်းအများအလိုက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ လူဦးရေစာရင်း ရရှိသည်နှင့် သင့်လျော်သည့် လေကြောင်းခရီးစဉ်/ ကယ်ဆယ်ရေးလေယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။