မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေပြုလှုပ်ရှားနေသော အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့် တရုတ်ရာဇဝတ်ဂိုဏ်းဝင် ၄၀ ကို တရုတ်အာဏာပိုင်များ ပြန်လည်ခေါ်ယူ
၁၅. ၁၀. ၂၀၂၃
တရုတ်အာဏာပိုင်များသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေပြုလှုပ်ရှားနေသော အွန်လိုင်းမှတစ်ဆင့် ရာဇဝတ်မှုများကျူးလွန်နေသူ တရုတ်နိုင်ငံသား ၄၀ ကို Inner Mongolia ဒေသသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
တရုတ်အာဏာပိုင်များသည် အဆိုပါ ရာဇာဝတ်မှုကျူးလွန်သူများအဖြစ် သံသယရှိသူ ၄၀ ကို လေယာဉ်ဖြင့်ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လေယာဉ်သည် အောက်တိုဘာ ၁၄ရက်နေ့တွင် Hohhot Baita နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်အခြေပြုလှုပ်ရှားနေသော အွန်လိုင်းမှတစ်ဆင့် ရာဇဝတ်မှုကျူးလွန်နေသော ဂိုဏ်းအဖွဲ့ဝင် ၄၀ ကို တရုတ်နိုင်ငံ Baotou မြို့နှင့် Hulunbuir မြို့တို့ရှိ လုံခြုံရေးအဖွဲ့များထံ ထပ်မံလွှဲပြောင်းပေးမည်ဖြစ်ကာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ရဲတပ်ဖွဲ့ နှင့်အာဏာပိုင်များသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ လိမ်လည်မှုကျူးလွန်နေသော မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ဂိုဏ်းများကို မြန်မာရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဖြိုခွင်းမှုများဆက်လက်လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို အသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများသည် အွန်လိုင်းမှတစ်ဆင့်ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု အတုအယောင်များ ဖန်တီးကာလိမ်လည်ခြင်းများ၊ အွန်လိုင်းမှငွေချေးလုပ်ငန်းများအတုအယောင်ဖန်တီးခြင်း၊ အွန်လိုင်းမှတစ်ဆင့်လိမ်လည် လူကုန်ကူးခြင်းများလုပ်ကိုင်နေကြောင်း သိရသည်။
မြန်မာအာဏာပိုင်များက တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သော လူပေါင်း ၂၃၁၇ ဦးထဲတွင်ဖမ်းဆီးရန် ဝရမ်းထုတ်ခံထားရသော တရားခံပြေး ၉၄ ဦး၊ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များနှင့် ငွေကြေးပိုင်းကူညီပေးနေသူ လူပေါင်း၂၃ ဦး ပါဝင်ခဲ့ကြောင်း၊ တရုတ် ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။
Ref; sohu