၁၉. ၂၀. ၂၀၂၃
Written by Ye Kyaw
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကာလနီးလာသဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပုံမှန်ထက် လျော့နည်းနေကြောင်း ရခိုင်ပြည်နယ်ကုန်သည်စက်မှုအသင်းမှ သိရသည်။
“လက်ရှိက အရောင်းအဝယ်လေးတွေ အေးပါတယ်။ ပုံမှန်တော့မဟုတ်ဘူး။ ဒါကလည်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်ရဲ့ သူတို့လည်း ရွေးကောက်ပွဲနီးနေတဲ့ အချိန်အခါလည်းဖြစ်တယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့ရာသီဥတုက သိပ်မကောင်းသေးဘူး။ အခုရက်ပိုင်းမှ ရာသီက ပြန်မှန်လာတယ် ဆိုတော့ ဒီဟာပြီးမှပဲ အရောင်းအဝယ်တွေ ပြန်မှန်းနိုင်မယ်” ဟု ရခိုင်ပြည်နယ်ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲအား လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်ရေးလမ်းကြောင်းများတွင် ယခင်ကဲ့သို့ ကုန်သွယ်ရေးလုပ်ငန်းများကို ပုံမှန်မဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်မှ ကုန်စည်များတင်ပို့ရာတွင် စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန်သတ်မှတ်ထားပြီး လက်ရှိတွင် စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ရေချိုငါး (ငါးမြစ်ချင်း၊ ငါးခေါင်းပွ)၊ ငါးနီတူခြောက်၊ ကွမ်းသီး၊ ချင်းစို၊ ဇီးယို၊ ဇီးဖတ်၊ နနွင်းတက်၊ မကျည်းသီး၊ မကျည်းစေ့ တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါ်လာကိုစိစစ်ပြီး လိုအပ်သည့်ပမာဏကိုသာ မှာယူတင်သွင်းခဲ့သဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့မှုများလည်းရှိခဲ့သည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လကျော်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉ ဘီလျံနီးပါးနှင့် သွင်းကုန်တင်သွင်းမှု ဒေါ်လာ တစ်ဘီလျံကျော်ဖြင့် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၁၀ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ဒသမ ၆ ဘီလျံလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။