October 19, 2024

၁၆. ၁၀. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၊ လှိုင်ရိုးမတောင်ပေါ်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်၂၅ တွင်​ အောက်တိုဘာ ၁၅ရက် နံနက်ပိုင်းက အသက် ၁၈ နှစ်အရွယ် တောဆင်ရိုင်းတစ်ကောင် ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဖြစ်စဥ်မှာ ဦးအောင်ဖေ စိုက်ပျိုးလုပ်ကိုင်သော အကွက်အမှတ်၂၅ ရှိ လယ် ၇ ဧကမြေပေါ်သို့ အောက်တိုဘာ ၁၄ ရက် ညပိုင်းက တောဆင်ရိုင်း တစ်အုပ်ဝင်​ရောက်လာခဲ့ပြီး ဆင်တစ်ကောင်မှာ လယ်ပိုင်ရှင်၏ လျှပ်စစ်ရှော့ခ်တိုက်ထားသည့် ကြိုးကို ကိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

“သေသွားတဲ့ တောဆင်ရိုင်းက အမပါ။ တောဆင်ရိုင်းငါးကောင်အုပ်ထဲက တစ်ကောင် ဓာတ်လိုက်ပြီး​ သေသွားတာ။ ဒီဘက်မှာက တောတောင်နဲ့နီးတော့ မကြာခဏ တောဆင်ရိုင်းဝင်တာတွေရှိတော့ လယ်ပိုင်ရှင်တွေက လူအားနဲ့ချောက်လှန့်မောင်းထုတ်ရတာတွေရှိသလို၊ အခုလို လျှပ်စစ်လွှတ်ထားပြီး ကာကွယ်ကြတာတွေလည်းရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တောဆင်ရိုင်းသေဆုံးမှုနှင့် ပတ်သက်၍ သစ်တောမှတာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး လယ်မြေတွင် တောဆင်ရိုင်းဝင်ရောက်မှုရန်မှ ကာကွယ်ရန် လျှပ်စစ်ရှော့ခ်တိုက်ကြိုး လုပ်ဆောင်ခဲ့သော အသက် ၆၀ ကျော် လယ်ပိုင်ရှင်ကို ဥပဒေအရ စစ်ဆေးလျက်ရှိသည်။

၂၀၁၁ ခုနှစ်တွင် ပြုစုထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ ၂၀၀၀ အောက်သာ ကျန်ရှိနေကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့(WWF)၏ ထုတ်ပြန်ချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *